ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာမှာ မေ ၁၅ ရက်က စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ရေငံရွာ ဒေသခံတဦးကို သတ်ပြီး အယောက် ၃၀ ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေငံရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ကိုဝင်းချိုဦး အသတ်ခံခဲ့ရပြီး စစ်ကောင်စီက ရေငံရွာမှာ တပ်စွဲထားတာကြောင့် အလောင်းကိုလည်း သွားယူရဲသူ မရှိဘူးလို့ ရေငံရွာ ဒေသခံတဦးက ပြောပါတယ်။
“စစ်တပ်က စစ်ကြောင်းထိုးလာတော့ သူ အိမ်မှာပုန်းနေတာ။ အဲဒါ တွေ့သွားပြီး သတ်ပစ်လိုက်တာပါ။”
ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အယောက် ၃၀ မှာလည်း အမျိုးသား၊ အမျိုးသမီးတွေအပြင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလည်း ပါသွားတယ်လို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအင်အားစုတခုထံကနေ သိရပါတယ်။
တော်လှန်ရေး ရဲဘော်တဦးက “တိုက်ပွဲဖြစ်ပြီး အဲဒီရွာက လူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းထားတယ်။ လူသားဒိုင်းအနေနဲ့ ဖမ်းတာပါ။ ပြည်သူရှိနေရင် ကျနော်တို့ဘက်က စကစကို မတိုက်ကြဘူး။ အဲဒါကြောင့် သူတို့ ကာဗာယူပြီး ဖမ်းထားလိုက်တာပါ။ လက်ရှိလည်း ရွာထဲမှာ သူတို့တပ်စွဲထားတော့ အခြေအနေ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ရေငံရွာ အပါအဝင် အနီးအနားရွာတွေဖြစ်တဲ့ စီတုံးရွာ၊ ထန်းတက်ရွာ၊ ထန်းပင်ချောင်ရွာနဲ့ အုတ်ဖိုစုရွာတွေပါ စစ်ဘေးရှောင်နေရပြီး လွန်ခဲ့တဲ့ မေ ၁၀ ရက်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ထန်းပင်ချောင်ရွာကို ပစ်ခတ်တာကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။