အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုခင်ဟွန်းနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တီကွန်တို့ဟာ မေ ၁၅ ရက်မနက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေ အာဆီယံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ အချက်တွေကို ဆွေးနွေးဖို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နေတဲ့ကိစ္စ၊ လိုအပ်နေတဲ့ ပြည်သူတွေထံ အကူအညီတွေလက်ဝယ်ရောက်ရှိရေး၊ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးစတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီခန့် ဝန်ကြီး ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ စိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးနဲ့ အာဆီယံအကူအညီပေးရေးစင်တာ AHA Center အမှုဆောင် ဒါရိုက်တာတို့လည်း တက်ရောက်ခဲ့ပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ်နဲ့အဖွဲ့ဟာ မနေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့အဖွဲ့နဲ့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သီးခြားတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးနဲ့ အာဆီယံနဲ့ အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်သွားမယ့်ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးက သတင်းထုတ်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ အခုခရီးစဉ်အတွင်း နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ၊ မရှိ မသိရသေးပါဘူး။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်ကနေ တပ်တွင်း တနေရာကို ပို့ဆောင် ဖမ်းဆီးအကျဉ်းချထားတယ်လို့ အခုရက်ပိုင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo -DSINFO/ MOFA