မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ တောင်ယာကြီးကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၄ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာခံအမျိုးသားတဦးကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ကာ ဦးခေါင်းကို အိမ်ခြံတိုင်ထိပ်မှာ တင်ထားခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
အမည်မဖော်လိုတဲ့ တောင်ယာကြီးကျေးရွာသားတဦးက “ရွာထဲကို စစ်ကြောင်းဝင်မွှေနေတဲ့အချိန် သူက တောထဲက ထင်းခုတ်ပြီး အိမ်ပြန်လာတော့ စစ်သားတွေက ဖမ်းသွားပြီး ခေါင်းပြတ်ကို အိမ်ခြံတိုင်ထိပ်မှာ ပြန်လာတင်သွားတာပဲ။ သူ့ခန္ဓာကိုယ်ကတော့ ရှာမတွေ့သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မတရားဖမ်းဆီးသွားပြီး ခေါင်းဖြတ်အသတ်ခံလိုက်ရသူဟာ တောင်ယာကြီးရွာမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုမျိုးဇော်ဦး ဖြစ်ပြီး ဇနီးနဲ့ သားတယောက် ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ဒီဘက်နယ်တွေမှာ ေ(-) တွေ အမြဲရှုံးနေတော့ ရှုံးလို့ ရှုံးမဲမဲပြီး ပြည်သူကို သက်သက် အနိုင်ကျင့်တာ။ ပြည်သူကို အနိုင်ကျင့်တော့ ပြည်သူက ေ–းတပ်နဲ့ ေ–းသားတွေကို ပိုမုန်း၊ ပိုနာကြည်းတာပေါ့” လို့ ပြောပါတယ်။
မေ ၁၄ ရက်မှာ မတ္တရာမြို့ကနေ စစ်သားနဲ့ ပျူအင်အား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယက်ကန်းစင်တောင်ပေါ်မှာ အထိုင်ချကာ ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ကျောက်ငနွား၊ တောင်ယာကြီး၊ ရွှေဂုဏ်တိုင် ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။