Home
ရုပ်သံ
Eurovision သီချင်းဆိုပြိုင်ပွဲတွင် ဆွစ်ဇာလန် အဆိုတော် အနိုင်ရ
DVB
·
May 14, 2024
Photo-Reuters

ဆွီဒင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အခုနှစ် ၂၀၂၄ ခုနှစ်ရဲ့ နာမည်ကျော် Eurovision သီချင်းဆို ပြိုင်ပွဲမှာ တခြားနိုင်ငံတွေက ပြိုင်ဘက်တွေကို ကျော်လွန်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံက ပြိုင်ပွဲဝင် အဆိုတော် နီမိုက အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲကိုတော့ European Broadcasting Union က ဦးဆောင်ကျင်းပတာဖြစ်ပြီး အခုနှစ်မှာတော့ ၆၈ ကြိမ်မြောက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ပြိုင်ပွဲဝင် ၃၇ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။

နိုင်ငံအသီးသီးက ပါဝင်ကြမယ့် ပြိုင်ပွဲဝင်သူတွေဟာ မူရင်းသီချင်းတပုဒ်နဲ့အတူ အဆင့်ဆင့် ယှဉ်ပြိုင်ရတာဖြစ်ကာ Eurovision နဲ့ Euroradio Network တွေကတဆင့် ရုပ်သံလွှင့်ဌာန တွေက တိုက်ရိုက်ထုတ်လွှင့်ပြသတာဖြစ်ပြီး အနိုင်ရသူတဦးကို နိုင်ငံအသီးသီးက ဂျူရီတွေက မဲခွဲ ဆုံးဖြတ် ရွေးချယ်ခဲ့ကြပါတယ်။

အခုနှစ်ရဲ့ အနိုင်ရရှိသူကတော့ ဆွစ်ဇာလန်နိုင်ငံက အသက် ၂၄ နှစ်အရွယ် အဆိုတော် နီမိုဖြစ်ပြီး သူ့ရဲ့ ပြိုင်ပွဲဝင် The Code သီချင်းဟာ စွဲမက်ဖွယ်ကောင်းတဲ့ အော်ပရာနဲ့  ဟစ်ဟော့ ပေါင်းစပ်ထားတဲ့ ဟန်နဲ့ ဂျူရီအဖွဲရဲ့ မဲပေးရွေးချယ်မှုမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပြီး အထင်ကြီးလောက်စရာ ရမှတ် ၅၉၁ မှတ်ထိ ရရှိခဲ့တာပါ။

ဒါ့အပြင် နီမိုဟာ ကိုယ့်ကိုယ်ကို လိင်ခံယူမှုမှာ အဖို အမ မသတ်မှတ်ထားတဲ့ Non-binary အနေနဲ့ ခံယူထားသူဖြစ်သလို သူ့ရဲ့ ဆုရသီချင်း The Code ထဲမှာလည်း ဒီလိုခံယူမှုကြောင့် ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ဝိသေသလက္ခဏာတွေနဲ့ ထည့်သွင်းရေးသားထားခဲ့တာကြောင့် ပထမဦးသော Eurovision ရဲ့ Non-binary အနုပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။

စင်မြင့်ပေါ်မှာ ဆုလက်ခံရယူချိန်မှာ နီမိုက “ဒီပြိုင်ပွဲဟာ သူ့ရဲ့ကတိအတိုင်း ရပ်တည်နိုင်ပြီး ကမ္ဘာပေါ်က လူတိုင်းအတွက် ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာအတွက် ဆက်လက် ရပ်တည်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဒီနှစ်ရဲ့ Eurovision သီချင်းဆိုပြိုင်ပွဲမှာ ဒုတိယနေရာကို ခရိုအေးရှားနိုင်ငံက ရရှိခဲ့ပြီး တတိယနေရာကို ယူကရိန်းက ရရှိခဲ့ကာ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတွေကတော့ Top 5 အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက Eurovision 2023 ပြိုင်ပွဲမှာတော့ ဆွီဒင်နိုင်ငံက အနိုင်ရရှိခဲ့ပါတယ်။

Photo - Reuter

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013