ဧရာဝတီတိုင်းမှာ ငါးမြစ်ချင်း ငါးဈေးနှုန်းကျဆင်းနေပြီး ငါးအစာဈေးတွေ မြင့်တက်နေတာကြောင့် ငါးမွေးမြူရေးလုပ်ကိုင်သူတွေအရှုံးပေါ်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လက်ရှိတွင် ပြည်တွင်း ဒေသထွက် ငါးမြစ်ချင်းငါးတွေကို ပြည်ပနိုင်ငံတွေဆီ အကန့်အသတ်နဲ့သာ တင်ပို့ရောင်းနေတာကြောင့် ပြည်တွင်းဈေးကွက်တခုတည်းကို အားကိုးနေရလို့ ငါးမြစ်ချင်း ငါးတစ်ပိသာကိုကျပ် ၄၅၀၀ အထိ ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။
အဲ့ဒီလို ငါးဈေးကျဆင်းနေချိန် ငါးအစာဈေးမြင့်တက်နေတဲ့အတွက် မွေးမြူထုတ်လုပ်မှု စရိတ်ပိုမိုများပြားလာပြီး ငါးတစ်ပိဿာကို ငွေကျပ် ၄၅၀၀ ဝန်းကျင်ထိအရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။
မွေးမြူရေး လုပ်ငန်းရှင်တဦးက “ငါးမြစ်ချင်းငါး မွေးမြူရေးလုပ်ငန်းမှာ အသုံးပြုနေတဲ့ ဖွဲနု၊ ပဲဖတ်တွေ ဈေးနှုန်း မြင့်မားနေတယ်။ ရေပေါ်ငါးစာတွေကို ကျွေးမွေးနေရတဲ့ လုပ်ငန်းရှင်တွေ လည်း ရှိလာတယ်။ ငါးမြစ်ချင်းငါးက ဈေးတော်တော်ကျနေချိန်၊ ငါးအစာတွေကလည်း ဈေးအရမ်းမြင့်နေတယ်။ ငါးမွေးတောင်သူတွေ မခံနိုင်တော့ဘူး။ တချို့ဆို အစာကို တရက်ခြား တခါ ကျွေးတာတွေ၊ ကြက်ချေးတွေပဲ ကျွေးနေတဲ့သူတွေတောင် ရှိနေပြီ”လို့ ပြောပါတယ်။
မွေးမြူရေးလုပ်ငန်းမှာ အဓိကအသုံးပြုရတဲ့ ကြက်စာ၊ ငါးစာတွေဖြစ်တဲ့ ဖွဲနု၊ ပြောင်း စတဲ့ ကုန်ပစ္စည်းတွေကပြည်တွင်းမှာ ဈေးကြီးမြင့်တက်နေလို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်အခဲတွေ့ကြုံနေရတာလို့ ဆိုပါတယ်။
မအူပင်မြို့က ငါးမြစ်ချင်းမွေးမြူရေး လုပ်ကိုင်နေသူတဦးက "လွန်ခဲ့တဲ့ တပတ်က ကန်ပေါ်တယ်၊ ငါးမြစ်ချင်းမွေးထားတာ ရှုံးပါတယ်။ အကြွေးလည်းတင်နေပါပြီ။ ဈေးကွက်က အခုအတိုင်းဆိုရင် ငါးမွေးကန်ကို ရောင်းပြီး အကြွေးဆပ်ရမလိုဖြစ်နေပါတယ်”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ငါးမြစ်ချင်း ငါးမွေးမြူရေးလုပ်ငန်းကို မအူပင်၊ ပန်းတနော်၊ ဝါးခယ်မ၊ ဘိုကလေး၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာ အဓိကလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ငါးတွေကို ရန်ကုန်ကို ကုန်တင်ကားတွေနဲ့ သွားပို့ရတာကြောင့် လမ်းခရီးမှာ ကားတွေကို အရင်ကထက် စစ်ဆေးရေးတွေ ခဏခဏ စစ်ဆေးခံရလို့ အချိန်ကြန့်ကြာတဲ့အတွက် ငါးတွေ ပုပ်ပွဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။
Photo - တော်ဝင်