မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာကို မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ မေ ၁၁ ရက် ညနေပိုင်းက ကေတီဗွီတခု မိုးကြိုးပစ်ချခံရတဲ့အတွက် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာက စစ်သား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ဆိပ်သာရွာနဲ့ ကျွဲကျရွာဘက်ကို မေ ၁၁ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ စစ်ကြောင်းထိုးလာပြီးနောက် ကျွဲကျရွာကိုမီးရှို့ခဲ့တာလို့ မတ္တရာမြို့နယ် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။
“နေအိမ်တွေကိုတော့ မွှေနှောက်တာတွေရှိခဲ့ပါတယ်။ အခုကတော့ မနေ့က တိုက်ပွဲကြောင့်လို့ ယူဆရပါတယ်။ စစ်ကြောင်းက မတ္တရာမြို့ပေါ်ကိုပြန်ဆုတ်သွားပါပြီ” လို့ပြောပါတယ်။
စစ်ကောင်စီတပ် မီးရှို့တာကြောင့်ကျွဲကျကျေးရွာကနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့သွားသေးတယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က ဧပြီလကုန်ပိုင်းလောက်ကတည်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ဧပြီလကနေ မေလအတွင်း ကျေးရွာ ၁၀ ရွာဝန်းကျင် မီးရှို့ခံထားရတယ်လို့သိရပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှိကထောင်ရပ်ကွက်က စိတ်ငြိမ် ကေတီဗွီကို မေ ၁၁ ရက် ညနေ ၃ နာရီလောက်မှာ မိုးကြိုးပစ်ခံလို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မိုးအုံ့ပြီး မိုးကြိုးပစ်တာ။ တလုံးတည်း ဆိုပေမယ့် အသံက အကျယ်ကြီးပဲ။ ကေတီဗွီ အဆောက်အဦထိသွားပြီး မီးလောင်နေတယ်” လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရလို့ ကေတီဗွီရဲ့ DJ ခန်း ဝါယာရှော့ ဖြစ် မီးကူးစက်ပြီး ကေတီဗွီခန်း အပေါ်ထပ် မီးလောင်ပျက်စီးခဲ့တာလို့ သိရပါတယ်။
မီးသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ရပြီး လူနဲ့ တိရစာ္ဆန် ထိခိုက်တာတော့မရှိဘဲ ကချင်ပြည်နယ်အတွင်း လေပြင်းတိုက်တာ၊ မိုးသည်းထန်စွာရွာတာနဲ့ မိုးကြိုးပစ်ခတ်တာတွေ မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း မိုးကောင်းမြို့နယ်မှာ နွားအကောင် ၂၀ ကျော် မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပုံ - CJ