Home
မြန်မာသတင်း
ဆုံရွာတိုက်ပွဲတွင် ရွာသား ၃၅ ဦးထက်မနည်း သေဆုံးမှု အပြန်အလှန်စွပ်စွဲ
DVB
·
May 11, 2024
SONEYWA_11052024

မြင်းခြံမြို့နယ်၊ ဆုံရွာတိုက်ပွဲမှာ ရွာသား ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်စွပ်စွဲပြစ်တင်နေကြပါတယ်။ 

မေ ၉ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်စပ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှာ ဖြစ်ပွားခဲ့တဲ့ ၃ နာရီကြာတိုက်ပွဲမှာ  ရွာသား ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့တာပါ။ 

ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူတွေဟာ သာမန်အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဒေသတွင်းမှာ ဆုံရွာဟာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ စံပြရွာအဖြစ်သတ်မှတ်ပြီး လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေနေတဲ့ ရွာသာဖြစ်တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တွေဘက်က ရှင်းလင်းပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ ဆုံရွာကို PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဆုံရွာကို စံပြရွာအဖြစ်သတ်မှတ်ပြီး၊ လက်နက်နဲ့ရိက္ခာ ထောက်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆုံရွာကို မန္တလေးနဲ့စစ်ကိုင်းနယ်စပ်က PDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF ခေါင်းဆောင်တယောက်က အခုလိုရှင်းလင်းပါတယ်။

ကိုနွေဦး (မြောင်CDSOM) က “ပြည်သူ့ရွာလို့ သုံးလို့မရဘူး။ ဘာလို့ဆို သူတို့ဆီမှာ လက်နက်တွေအများကြီးရှိတယ်။ ပြီးလို့ရှိရင် သူတို့ပြန်ပစ်တဲ့ လက်နက်တွေက စက်တွေတောင်ပါတယ်ဗျ။ အဲ့ဒီပြည်သူ့ရွာက ဘယ်လိုဖြစ်ပြီး စက်တွေရော တခြားလက်နက်တွေရော အမျိုးစုံအောင်ပြန်ပြီးတော့ သုံးနိုင်တာလဲပေါ့။ ဘန်ကာတွေရော ကတုတ်ကျင်းတွေရော အခိုင်အမာတည်ဆောက်ပြီးတော့ ကိုယ့်ဘက်က စပစ်တာမဟုတ်ဘူး၊ သူတို့ဘက်ကပဲ စပစ်တာပေါ့ အခြေအနေကလည်း။ ၇ ရက်နေ့မှာက ကျောက်ကြီးရွာကိုလည်း သူတို့ ဓားပြတိုက်ထားသေးတယ်။ အဲ့ထဲက အရှင်မိတဲ့တယောက်က ဆုံရွာကပျူ၊ လက်ရဖမ်းဆီးမိခဲ့တယ်ပေါ့။ အဲ့ဒီအရှေ့မှာဆိုရင်လည်း ဓားပြဝင်တိုက်ခဲ့တာတွေရှိတယ်။ မိန်းကလေးတွေဆိုရင်လည်း ဖမ်းခေါ်သွဦးတာမျိုးတွေရှိတယ်။ ဒါမျိုးတွေက သူတို့ဆက်တိုက် လုပ်နေတဲ့အတွက် အဲ့ဒီပတ်ဝန်းကျင်ရွာတွေက လုံးဝမနေရဲဘူး။ ဒီဆုံရွာဆိုလို့ရှိရင် တော်တော်နာမည်ကြီးတယ်။ တော်တော်လေးလည်း ကြောက်ကြတယ်။ ပထမတခေါက် အဲ့ဒီဆုံရွာကို PDF တွေ ဝင်တိုက်ခဲ့ဖူးသေးတယ်။ ပြီးခဲ့တဲ့နှစ်ကပေါ့။ မအောင်မြင်ခဲ့ဘူး။ ကိုယ့်ဘက်က ဒဏ်ရာတွေနဲ့ပဲ ပြန်ဆုတ်ခဲ့ရတယ်။ စစ်ကောင်စီက သူတို့ကို စံပြရွာအဖြစ် သတ်မှတ်ပြီးတော့ လက်နက်ကြီးထပ်ပြီး တပ်ဆင်ပေးလိုက်တယ်။ အဲ့ဒီကတည်းက အဲ့ဒီရွာကို လုံးဝထိန်းလို့ သိမ်းလို့မရတော့ဘူး။ ဘေးရွာတွေကလည်း တအားကြောက်နေရတဲ့ရွာ၊ အဲ့တော့ကြ ဒါပြည်သူ့ရွာမဟုတ်ပါဘူး။ တကယ်လို့သာ ပြည်သူ့ရွာဆိုရင် ဘယ်ပြည်သူကမှ ပြည်သူအချင်းချင်း လုပ်တဲ့ဟာကို လက်ခံမှာမဟုတ်ဘူးလေ။ ဒီအခြေအနေကို ကျနော်တို့ ပြန်ချိန်ကြည့်လို့ရတယ်။"

စစ်ကောင်စီပိုင် မီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတချို့မှာတော့ ဆုံရွာက သေဆုံးရွာသားတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး PDF တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုပြီး ဝါဒဖြန့်နေတာပါ။ 

ဆုံရွာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVTV မှာတော့ ပျူစောထီးအခြေစိုက်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဆုံရွာအနီးဝန်းကျင်ဒေသခံတဦးက “လူက ထုတ်ပြတာတော့ ၃၅ ယောက်လောက် သူတို့သေတယ်။ အဲ့ဒီပျူတွေဘက်လေ အုပ်ကြီးပါ ပါသွားတယ်။ ကျော်ရင်လည်းကျော်မှာပေါ့။ တရွာလုံး ပျူချည်းပဲလေ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်၊ ပြင်းပြင်းထန်ထန်ပဲ။ စစ်တပ်က လက်နက်ကြီးနဲ့ကူတာ သူတို့ရွာပေါ် ၂ လုံး ပြုတ်ကျတယ်။ ငနန်းထိပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းကူတာလေ။ အဲ့ဒါ သူတို့ရွာပေါ်ကျတော့ သူတို့ပိုနာတာပေါ့။ PDF  ဘက်ကတော့ မသေဘူးပေါ့။ ကြားတာတော့ ၂ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရဘူးပေါ့။ တို့ကလည်း ပြာနေတာ ပြေးရမှာလိုလို လွှားရမှာလိုလိုနဲ့ဆိုတော့ ခုချိန်ထိတော့ ဘယ်ရွာမှ ဘာမှ မလုပ်ပါဘူး။ ကိုယ်လည်း အခြေအနေကြည့်နေတာပေါ့။ အိမ်ခြေ သူတို့ရွာက ၇၀၀ လောက်တော့ရှိမှာ။ အဲ့လောက်တော့ ခန့်မှန်းခြေရှိတယ်။ ရွာက တော်တော်ကြီးတယ်။"

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ စစ်ကိုင်းတိုင်းထဲက ပြည်သူ ၅၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပြည်သူ ၄၀၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်မှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းထဲက ပြည်သူ ၁၅၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့မှတ်တမ်းတွေကဖော်ပြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013