စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာနဲ့ မကြီးအုပ်ကျေးရွာအစပ်ကို ဒီနေ့ မေ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ဒေသခံ ၆ ယောက်သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ ဦးရဲ့အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရရှိထားပြီး ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မြေပြင်ကယ်ဆယ်ရေးသမားတယောက်က “အလောင်း ၆ လောင်းတော့ ဆွဲထုတ်ထားပြီးပြီ။ အသားစတွေ ခေါင်းတွေခြေတွေပြတ်ထွက်ထားတာတွေရောပေါ့။ အခြေအနေက အတော်ဆိုးတယ်။ လေယာဉ်နဲ့ဝဲပြီး ပြန်ပြန်ပစ်နေလို့ အကုန် အနားမကပ်ရဲကြသေးဘူး။ နိမ့်နိမ့်လေးပျံပြီးတော့ ဗုံးကြဲတဲ့အပြင်ကို စက်လက်နဲ့ထပ်ပစ်နေတယ်” လို့ ပြောပါတယ်။
လေယာဉ်ဟာ ဗုံးကြဲပြီးနောက်လည်း ပတ်ဝန်းကျင်မှာ ဆက်ဝဲနေလို့ ကယ်ဆယ်ရေးကို အသေအချာ လုပ်မရသေးဘူး လို့ သူက ဆိုပါတယ်။
ကိုင်းကန်ရွာသားတယောက်က “ကျနော်တို့ကတော့ ရွာဘေးနားကျတော့ သိပ်မထိသွားဘူး။ မကြီးအုပ်ကတော့ ရွာထဲကျတာဆိုတော့ အထိအခိုက်ကများတယ်။ လက်ရှိကတော့ အတိအကျပြောမရဘူးဖြစ်နေတယ်။ ဒရုန်းသင်တန်းလည်းရှိတော့ ဘယ်ကိုဦးတည်သလဲတော့ မသိသေးဘူး။ ဒရုန်းနဲ့ချပြီး စက်လတ်တွေနဲ့ထပ်ပစ်သေးတာ”လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ် မကြီးအုပ်ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဒရုန်းသင်တန်းနဲ့ ပရဟိတဆေးခန်းတခုရှိပြီး ပစ်မှတ်က ဘယ်ကိုဦးတည်သလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။