ထိုင်းအပါအဝင် အာဆီယံနိုင်ငံတွေက မြန်မာ့အရေးကို နည်းလမ်းစုံနဲ့ချဉ်းကပ်နေပေမဲ့ စစ်တပ်ကနိုင်ငံရေးမှာပါဝင်နေတာကို လုံးဝအဆုံးသတ်ဖို့အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို စစ်ကောင်စီက လိုက်နာမှသာ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်နိုင်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဧပြီ ၁၃ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့ပြီး မေလဆန်းမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဖူးခက်မြို့မှာ တွေ့ဆုံခဲ့တာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ စစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့တာတွေဟာ မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တင်ဖို့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြတာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တချို့ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ထားတဲ့ ဘုံသဘောတူညီချက်ပါ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို လိုက်နာမှသာ ဆွေးနွေးရေးလမ်းပေါ်ရောက်နိုင်မယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူဦးကျော်ဇော်က "မဟာမိတ်လက်နက်ကိုင်အင်အားစုတွေ ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာတဲ့ ဘုံသဘောတူညီချက်မှာ ကျနော်တို့ရဲ့ ဦးတည်ချက် နိုင်ငံရေးရည်မှန်းချက်တွေကို ထုတ်ဖော်ကြေညာခဲ့ပြီးသားလည်းဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်မှုမရှိရဘူး။ စစ်တပ်က အရပ်သားအစိုးရ ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းဖို့ဟာကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရမယ်။ အသွင်ကူးပြောင်းရေး ကာလတရားစီရင်မှု ကိုလက်ခံရမယ်။ အစရှိတဲ့အချက်တွေ တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောတူညီချက်ထဲမှာပါတယ်။ အချက် ၆ ချက်ကို လိုက်နာမယ် သဘောတူတယ်ဆိုမှသာ တွေ့ဆုံဆွေးနွေးရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ပြီး မြန်မာ့အရေးကိုအဖြေရှာဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီကလေးစားလိုက်နာမှုမရှိခဲ့တာကြောင့် အာဏာသိမ်းမှု ၃ နှစ်ကျော်ကြာလာချိန်မှာ ဒေသတွင်းနိုင်ငံတွေက တနိုင်ငံချင်းစီအလိုက် မြန်မာ့အရေး ကိုချဉ်းကပ်ပုံ ပြောင်းလဲလာတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မကြာသေးခင်ကမှ ရာထူးကနေနုတ်ထွက်သွားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ဧပြီ ၁၇ ရက်နေ့မှာ တိုက်တွန်း ခဲ့ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ဦးမိုးထက်နေက "မြန်မာနိုင်ငံသည် နိုင်ငံကြီးတွေအားလုံးအတွက်ကတော့ အကျိုးစီးပွားရှုထောင့်ကနေကြည့်မယ်ဆိုရင် အင်မတန်ကို သေးငယ်တဲ့အစိတ်အပိုင်း ဖြစ်တယ်။ သေးတယ်တဲ့ပြဿနာဖြစ်တယ်လို့ ကျနော်တော့ ဒီလို တည့်တည့်ပဲနားလည်တယ်။ အစောကြီးကတည်းကလည်း အဲ့ဒါကြောင့်မို့ သူတို့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ သွားဖို့ဆိုတဲ့ဟာကို တလျှောက်လုံးပြောနေတာဖြစ်တယ်ပေါ့။ ထိုင်းဘက်က သတင်းတွေအရဆိုရင် မြန်မာ့အရေးကို အာဆီယံကနေတဆင့် ချဉ်းကပ်ဖို့ဆိုတဲ့ စဉ်းစားချက် ဆိုတာကိုက တရုတ်ရော အမေရိကန်ရောသဘောတူတဲ့ လမ်းကြောင်းဖြစ်တယ်ပေါ့နော်။ ၃ နှစ်ကျော်လာတဲ့အချိန်မှာ ပိုပြီးဖိဖိစီးစီးကြိုးစားလာတယ်လို့ ကျနော်တော့ အဲ့လိုပဲနားလည်ပါတယ်”လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာကိုတော့ သက်ဆိုင်ရာ သတင်းရင်းမြစ်တွေက လက်ရှိအချိန်အထိ အတည်ပြုချက်မပေးသေးပါဘူး။
ထိုင်းလက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင်က ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်မသိရသလို ဒီတွေ့ဆုံမှုတွေဟာမစ္စတာသက်ဆင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသာ ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
အထွေထွေသပိတ်ကော်မတီ (GSC)မှ ကိုအောင်ဖုန်းမော်က "အာဏာရှိတဲ့သူတွေဆိုတော့ အာဏာရှိတဲ့သူတွေအမြင်ပေါ့ဗျာ။ ကျနော်တို့ဆီမှာ တော်လှန်ရေးတခုဖြစ်နေတယ်ဆိုတဲ့ အရှိတရားကို အသိအမှတ်မပြုတာပေါ့။ ရှင်းရှင်းလင်းလင်းပြောရရင်တော့။ အာဏာရှိတဲ့လူတွေကြားထဲမှာ အချင်းချင်းစေ့စပ်လိုက်ရင် အာဏာရှိတဲ့သူတွေ ဩဇာရှိတဲ့သူတွေ ကြားထဲမှာ ဆွေးနွေးမှုတွေ စကားဝိုင်းတွေဖြစ်လာခဲ့ရင် ဒီပြဿနာကြီးတခုလုံးက ပြေလည်သွားမယ်လို့ သူတို့က မြင်တာပေါ့။ အဲ့လိုမျိုးမြင်တဲ့ အတွက်ကြောင့်လည်း သူတို့က တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်နဲ့ကြားမှာ စကားဝိုင်းတခုကို အဲ့လိုဆွဲတင်ဖို့ကြိုးစားတာပေါ့။ ပြည်သူလူထုတရပ်လုံးက လုံးဝလက်မခံနိုင်တော့တဲ့အထိ မုန်းတီးနေတဲ့စစ်တပ်ကိုမှ တချိန်လုံးစကားပြောဖို့ စကားဝိုင်းပေါ်ဆွဲတင်တယ်ဆိုတော့ သူတို့ရဲ့စေတနာမမှန်ဘူးလို့ပဲ ကျနော်တို့ပြောရမှာပေါ့။"
ထိုင်းနိုင်ငံ လက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင်ကတော့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခချုပ်ငြိမ်းရး အကူအညီပေးဖို့ကြိုးစားနေပြီး မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒကတော့ အာဆီယံမူဝါဒအတိုင်းသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အာဆီယံက မြန်မာ့အရေးအတွက် ထုတ်ပြန်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအထူးသံတမန်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် စာနာမှုအကူအညီတွေ ပေးရေးနဲ့ အာဆီယံအထူးသံတမန်ကို မြန်မာပြည်က သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေးတို့ဖြစ်ပါတယ်။
NUG နဲ့ EROs အဖွဲ့တချို့အကြား ပထမဆုံးအကြိမ်ဘုံသဘောတူညီချက်ပါ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကတော့ စစ်တပ်က နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ရန၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အရပ်သားအစိုးရရဲ့ စီမံမှုအောက်မှာ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံရေးဆွဲရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်တို့ ဖြစ်ပါတယ်။
သုတချမ်းသာ