မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာရှိတဲ့ လူအစည်ကားဆုံးလမ်းတွေထဲက တလမ်းမှာ မေ ၇ ရက်က သစ်ပင်တပင်လဲကျလို့ အမျိုးသား ၁ ဦး သေဆုံးကာ တခြားသူ ၂ ဦး ဒဏ်ရာရခဲ့သလို ကားတစ်ဒါဇင်ကျော် ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာ အထင်ကရ ပေထရိုးနပ်စ် မျှော်စင်ညီနောင်ကနေ တကီလိုမီတာ အကွာက ယာဉ်ကြောတွေ ကြပ်နေတဲ့ ဂျာလန် ဆူလ်တန် အစ်မေးလမ်းကိုဖြတ်ပြီး လဲကျနေတဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေတာကို မြင်တွေ့ရပါတယ်။
သစ်ပင်လဲတဲ့ နေရာကနေ အသက် ၄၇ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းကို ဖယ်ရှားခဲ့ပြီး ကား ၁၇ စီး ထိခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနက ပြောပါတယ်။
ကားမျှစီးတဲ့ အစီအစဉ်က အသက် ၂၆ နှစ်အရွယ် ယာဉ်မောင်းတဦးနဲ့ ကားပေါ်လိုက်ပါလာတဲ့ ဆွီဒင်အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံဆီ ပို့ဆောင်ကုသခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။
သစ်ပင်ရဲ့ အကိုင်းအခက်တချို့ဟာ လမ်းမကြီးနဲ့ အပြိုင်ပြေးနေတဲ့ ရထားလမ်းပေါ်ကနေ ပြုတ်ကျခဲ့တာကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရထားဝန်ဆောင်မှုတွေ နှောင့်နှေးခဲ့ရတယ်လို့ ရထားလုပ်ငန်းရဲ့ သတိပေးချက်တခုမှာ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters