Home
မြန်မာသတင်း
ကျိုက်မရော စစ်ရှောင်နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို စစ်တပ်က ယူဆောင်
DVB
·
May 7, 2024
KyaikMaRaw WarVictims_07052024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိတဲ့ စစ်ရှောင်နေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကို စစ်တပ်ကယူပြီး ကျန်တဲ့ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာ၊ တရာနာ၊ ကော့သပ်၊ ကော့ပလိုင်၊ ကော့စွယ်၊ ကျွန်းကုန်းနဲ့ သံ‌ကလောင်ကျေးရွာတို့က စစ်ရှောင်နေသူတွေကို စစ်ကောင်စီက ဧပြီ ၂၅ ရက်ကစပြီး နေရပ်ပြန်လာခိုင်းတဲ့အတွက် စစ်ရှောင်တချို့ဟာ မိမိတို့နေအိမ် အခြေအနေ သိချင်တာနဲ့ လိုအပ်တဲ့ပစ္စည်းတွေယူဖို့ နေအိမ်ကို ပြန်လာခဲ့ပါတယ်။

စစ်ရှောင်တွေ နေအိမ်ရောက်တဲ့အခါ အိမ်ထဲရှိ တန်ဖိုးကြီးပစ္စည်းတွေ ပျောက်‌ဆုံးနေပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေ ဖျက်ဆီးထားတယ်လို့ နေရပ်ပြန် စစ်ရှောင်တဦးက ပြောပါတယ်။

“အိမ်မှာ လိုတာတွေသွားယူဖို့ အိမ်တချက်ပြန်ကြည့်တာ၊ ရှုပ်ပွပြီး တခုမှ ရစရာမရှိအောင် ဖျက်ဆီးခံထားသလို တန်ဖိုးကြီးတာလည်း တခုမှမရှိတော့ဘူး။ ကျနော်တို့ စစ်ရှောင်တည်းက ရွာထဲမှာ အိမ်စောင့်ကျန်ခဲ့တဲ့သူတချို့က စစ်တပ်က ပစ္စည်းတွေဖောက်ပြီး ယူနေတယ်ဆိုပြီး ပြောပေမဲ့ အများကြီးမယူနိုင်ဘူး ထင်နေတာ၊ အခုတော့ တန်ဖိုးကြီးတာ ဘာတခုမှ မကျန်တော့ဘူး။”

စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်ပြီး မော်လမြိုင်မှာ ပြန်လည်ရောင်းချနေတယ်လို့ စစ်ဘေးရှောင် ကူညီသူတဦးက ပြောပါတယ်။

“သူတို့ ပစ္စည်းတွေယူပြီး မော်လမြိုင်ဈေးရှေ့တွေမှာ အောက်ဈေးတွေနဲ့ ပြန်ရောင်းချနေတာ။ အခုက အဲတနေရာပဲ သိသေးတာ၊ တခြား ဘယ်နေရာ ရောင်းနေကြလဲ မသိသေးဘူး။ သူတို့က ပြည်သူ့အတွက်ကို ဘယ်တော့မှမကြည့်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် သူတို့နဲ့ပတ်သက်ပြီးတော့ ဘာမှထပ်မပြောချင်တော့ပါဘူး။”

စစ်ကောင်စီဟာ ကျိုက်မရောမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လကစပြီး နေအိမ် ၂,၀၀၀ ဝန်းကျင်လောက် ဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်ခဲ့တာဖြစ်ပြီး အဆိုပါစာရင်းဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး မြေပြင်မှာ အဲဒီထက် ပိုများနိုင်တယ်လို့ ရာမညဖက်ဒက်ရယ်အင်အားစု (NRFF) တာဝန်ခံ ကိုမင်းသံလွင်က ပြောပါတယ်။

စစ်ကောင်စီက စစ်ဘေးရှောင်တွေကို ပြန်ခေါ်ပေမဲ့ စစ်ရှောင်ပစ္စည်း၊ အိုးအိမ်တွေကို ဖျက်ဆီးပြီး စိတ်ဓာတ်အောက်ဆုံးကျအောင် လုပ်ထားတဲ့အတွက် စစ်ရှောင်တွေက နေရပ်ပြန်လို့ မရသေးဘူးလို့ မွန်ဖက်ဒရယ်ကောင်စီ လူသားစာနာနဲ့ ကယ်ဆယ်ရေးတာဝန်ခံ မိဆုတဂျိုက ပြောပါတယ်။

ဓမ္မ‌သကျေးရွာက နှလုံးရောဂါရှိတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦးဟာ မေ ၁ ရက်က မိမိရဲ့နေအိမ်ကို သွားပြန်ကြည့်တဲ့အခါ ပျက်စီးရှုပ်ပွပြီး ဖျက်ဆီးခံထားရတဲ့ မိမိအိမ် အခြေအနေကို ကြည့်ပြီး ‌နှလုံးအောင့်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Photo - ဒေသခံပေးပို့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013