Home
မြန်မာသတင်း
တီးတိန်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ချင်းညီနောင်တပ်ဖွဲ့များကြား ဆွေးနွေးမှု အဆင်မပြေသေး
DVB
·
May 6, 2024
Tee-Tain

ချင်းပြည်နယ်၊ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေးနဲ့  ကုန်သွယ်ရေးနဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ တပ်စခန်းကုန်းကို သိမ်းပိုက်ရေးပူးပေါင်းဆောင်ရွက်ဖို့  ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေကြား ဆွေးနွေးမှုအဆင်မပြေသေးဘူးလို့  နှစ်ဖက်စလုံးက ပြောပါတယ်။

CNF ဘက်ကတော့ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရရော ကုန်သွယ်ရေးအရပါ ဗျူဟာကျနေတဲ့ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ကျနော်တို့က သူတို့ကိုသွားပြီးညှိနှိုင်းတယ်။ တီးတိန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကို အတူတူစစ်ဆင်ရေးလုပ်ဖို့ လုပ်ပေးပါ။ သူတို့က လက်မခံဘူးပေါ့။ သူတို့လည်း ပြင်ဆင်နေပါတယ် ပြောတယ်။ ကျနော်တို့က ပူးပေါင်းပါဝင်ပါ။ ချင်းပြည်ကနေ စစ်ကောင်စီကင်းစင်ရေးကို အဓိကလုပ်တာဖြစ်တဲ့အတွက် အဲဒါကို မပါဝင်ချင်ဘူးဆိုရင်တော့ ဘေးရှောင်ပေးလိုက်ပါ။ အဲအဆင့်ပါပဲ။ အခု တိုက်ပွဲဖြစ်နေတာ သူတို့နဲ့မဟုတ်ပါဘူး။”

ချင်းပြည်ချင်းလန်းကောင်စီမှာ မပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်က တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေး လအတော်ကြာကတည်းက စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်နေတာကြောင့် တီးတိန်မြို့ကို မသိမ်းပိုက်ခင်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်ပေါ်ရေးအတွက် အရင်ညှိနှိုင်းဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ ကတည်းက PDF Zoland က တီးတိန်မြို့ကို သိမ်းပိုက်ဖို့အတွက် ၉၀ ရာခိုင်နှုန်းခန့် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်တာကြောင့် CNF အနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖော်ဆောင်ခဲ့မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အပြင် ကြိုတင်အသိပေးဖို့ CNF စစ်ဦးစီးချုပ်ဆီကို အချက် ၅ ချက်ပါတဲ့ အသိပေးစာပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိတော့ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးမှုဟာ အဆင်မပြေသေးသလို အာဏာရှင်စစ်တပ်ကို တော်လှန်နေကြတဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကြားမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘူးလို့  မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က ပြောပါတယ်။

“ညှိနှိုင်းမှုတွေ မရှိသေးဘူး ပြောရမယ်ခင်ဗျာ။ သူတို့က တယောက်နဲ့ တယောက် အထိခိုက်မရှိအောင် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်အောင် ရှောင်နေတဲ့သဘောပဲခင်ဗျ။” 

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တီးတိန်မြို့ကို သိမ်းပိုက်ဖို့ရောက်ရှိနေတဲ့ CNF နဲ့ ချင်းပြည်နယ်မှာ အခြေချလှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဇိုမီးတော်လှန်ရေးတပ်ရဲ့ ရှေ့တန်းကင်းစခန်းတခုကို  CNF ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  “စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုက  သူတို့ကိုဦးတည်ပြီး တိုက်တာမဟုတ်ဘဲနဲ့ စစ်ဆင်ရေးကြီးတခု လုပ်ဖို့သွားတဲ့အခါမှာ သူတို့က လမ်းကနေဖြတ်တောက် ချုံခိုတိုက်ခိုက်တာကို ကျနော်တို့က ရှင်းလင်းရင်းနဲ့ ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိ အဲဒီတိုက်ပွဲပါ။ အခုအခြေနေကတော့ ဘာမှဆက်ပြီးမရှိတော့ပါဘူး။ သူတို့ရဲ့တပ်စခန်း ၂ ခုကနေ ဆုတ်သွားပြီ။ ဘယ်ကိုဆုတ်သွားလည်းဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။

ဇိုမီးတော်လှန်ရေးတပ် (ZRA) ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၅ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး အင်အား ၁၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံ ချင်းပြည်နယ်ဘက်မှာ လှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာတော့ တပ်ဖွဲ့အင်အားဟာ ရာဂဏန်းဝန်းကျင်သာရှိပါတယ်။

CNF နဲ့ ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ ZRA တို့ဟာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ဒီဇင်ဘာလအတွင်းကလည်း တီးတိန်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။

ဒါ့အပြင် ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ ZRA ဟာ ချင်းပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သလို တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။

မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်ကတော့ ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ ZRA ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပျူစောထီးတပ်ဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။

အခုဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး ဇိုမီးတော်လှန်ရေးတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ ZRA ကို DVB အနေနဲ့ ဆက်သွယ်မေးမြန်းခွင့်မရသေးပါဘူး။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013