ယူကရိန်းနိုင်ငံ ခါကိဗ်နဲ့ နီပရိုဒေသတွေ၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ ဩဒက်ဆာ တို့ကို မေလ ၄ ရက်နေ့က ရုရှားက တိုက်ခိုက်တဲ့အတွက် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ စားသောက်ကုန်စက်ရုံတခု မီးလောင်သွားခဲ့ကာ၊ အခြားအခြေခံအဆောက်အအုံတွေ၊ နေအိမ်တွေ၊ ကုန်သွယ်ရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
မေ ၄ ရက်နေ့ ကူးခါစ သန်းခေါင်ကျော်မှာ ခါကိဗ်နဲ့ နီပရိုဒေသတွေကို ပစ်မှတ်ထားတဲ့ ရှာဟက်ဒ် ဒရုန်း ၁၃ စင်းကို ယူကရိန်းလေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ နေ့အချိန်မှာတော့ ရုရှားဟာ အမျိုးအစား မျိုးစုံ ဒုံးကျည် ၈ စင်း၊ ဝေဟင်ကကြဲချတဲ့ ပဲ့ထိန်းဗုံး ၇၀ သုံးပြီး ရပ်ရွာတွေနဲ့ ရှေ့တန်းစစ်မျက်နှာတွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ အမှတ် ၁၁၀ ယန္တရားတပ်မဟာက ရုရှား Su-25 ဗုံးကြဲလေယာဉ်တစ်စင်းကို ဒွန်ညက်စ်ဒေသအရှေ့ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒွန်ညက်စ်ဒေသက မော်စကိုက သိမ်းထားတဲ့ ဧရိယာ ၄ ခုထဲက တခု ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုအီဂူးက မော်စကိုဟာ ဒီနှစ်ထဲမှာ ယူကရိန်း နယ်မြေ ၅၄၇ စတုရန်းကီလိုမီတာ (၂၁၁ စတုရန်းမိုင်) ထပ်သိမ်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Source/Photo - Reuters