အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူလာဝေစီပြည်နယ်ရှိ ဘီတွန်မြို့ပေါ်ကို ရူဝမ်မီးတောင်ကနေ မီးတောင်ပြာမိုးတွေ ရွာကျလာပြီးနောက် မေ ၂ ရက်မှာ စာသင်ကျောင်းတွေကို ပိတ်ထား ရပါတယ်။
မူလတန်းကျောင်းဆရာမ ဖာရီဒါဟေလီက“တာဂူလန်ဒန်ကျွန်းမှာ ရူဝမ်မီးတောင်ပေါက်ကွဲလို့ မေ ၂ ရက်ကနေ ၄ ရက်အထိ ကျောင်းပိတ်လိုက်ပြီး မေ ၆ ရက်မှ ကျောင်းပြန်တက်ရမှာပါ”လို့ ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ကျောင်းသားအားလုံးကို ကျောင်းလာတက်ဖို့ မလိုဘဲ ကင်းလွတ်ခွင့် ပေးထားကြောင်း အစိုးရက ပြောကြားခဲ့ပြီး အတန်းတွေကို အွန်လိုင်းမှာ ဆက်ဖွင့်သွားမယ်လို့ ကျောင်းသားမိဘ ဖာဒီနန် ဂီအိုက ပြောပြပါတယ်။
အင်္ဂါနေ့က မြောက်ဘက်ရှိ ဘီတွန်ကျွန်းပေါ်မှ ရူဝမ်မီးတောင် ပေါက်ကွဲပြီးနောက် ချော်ရည်တွေ၊ ကျောက်တုံးတွေနဲ့ ပြာတွေ ပန်းထွက်လာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေဟာ အနီးနားရှိ တာဂူလန်ဒန်ကျွန်းမှ လူပေါင်း ၁၂,၀၀၀ လောက်ကို နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ မီးတောင် အနီးပတ်ဝန်းကျင်ဒေသတွေကို ပြာတွေ ပိုမိုကျဆင်းလာခဲ့ပြီး တချို့ဒေသခံတွေဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ ပြာမိုးတွေ ရွာချပြီး လမ်းတွေပေါ်မှာလည်း မော်တော်ယာဉ်တွေပေါ်မှာ ပြာတွေဖုံးလွှမ်းကုန်တယ်လို့ ဘီတွန်မြို့ အနောက်ဘက်ရှိ မာနာဒိုမှာ နေထိုင်တဲ့ ဒေသခံ ဆူနာရ်ယိုက ပြောပါတယ်။
မီးတောင်နဲ့ဘူမိဗေဒဆိုင်ရာ အန္တရာယ်လျော့ပါးရေး ဗဟိုဌာန (PVMBG) ဟာ အင်္ဂါနေ့မှာ မီးတောင်ပေါက်ကွဲပြီးနောက် ရူဝမ်မီးတောင်ရဲ့အခြေအနေကို သတိပေးချက် အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ခဲ့ပြီး သမုဒ္ဒရာထဲကို မီးတောင် ပြိုကျမှုကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်တယ်လို့ တာဂူလန်ဒန်ကျွန်းမှာ နေထိုင်သူတွေကို သတိပေးထားပါတယ်။
အာဏာပိုင်တွေဟာ မာနာဒိုမြို့ရှိ လေဆိပ်ကို သောကြာနေ့အထိ ပိတ်ထားရမယ်လို့ ပြောကြားထားပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မေ ၁၄ ရက်အထိ အကျုံးဝင်တဲ့ အရေးပေါ် အခြေအနေကို ဒေသဆိုင်ရာအစိုးရက ကြေညာထားပါတယ်။
Source/Photo - Reuters