ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီက ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ် ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
ကော့ကရိတ်မြို့ကနေ KNLA ပူးပေါင်းတပ်တွေက ဆုတ်ခွာပေးလိုက် ရပေမဲ့ ကော့ကရိတ်မြို့အနီးတဝိုက်မှာ နယ်မြေလုံခြုံရေးရယူထားပါတယ်။ စစ်ကောင်စီက မြဝတီမြို့ကိုထိုးဖောက်ဝင် ရောက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
မြဝတီမြို့ခံပြည်သူတဦးက “ မြို့အနီးမှာ ပစ်နေသေးတယ်။ လက်နက်ကြီးအသံတွေလည်း ကြားရတယ်။ မြို့ထဲ ခလရ ၉၇ တပ်ကနေ လက်နက်ကြီးထုပေးနေတယ်။ သေနတ်အသေးတွေ ပါပစ်နေတာ။ မြို့ထဲမှာနေတဲ့သူတွေက သိပ်မနေရဲကြဘူး။ မနေရဲတော့ ပစ္စည်းတွေယူပြီးတော့ ပြန်ထွက်ကြတယ်။ နေတာ နည်းနည်းပါးပါးပဲ ရှိတယ်”လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် ဧပြီ ၂၇ ရက်နေ့ကစတင်ပြီး စစ်ရှောင်ပြည်သူတွေကို မြို့တွင်းမှာ ပြန်လည်နေထိုင်ဖို့ ခေါ်ယူခဲ့ပါတယ်။
လက်ရှိမှာလည်း မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တား ဆီးတိုက်ခိုက်တာခံနေရတဲ့ အပြင် ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက အင်အားတွေဖြည့်တင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံပြည်သူတဦးက “လောလောဆယ် စစ်ကောင်စီက ကော့ကရိတ်မှာ အင်အားထပ်တိုးတယ်။ ဖောကား ၄ စီးနဲ့တက်လာတာ တွေ့တယ်။ ပြီးတော့ မြဝတီတက်တဲ့ လမ်းဟောင်းနားက တောင် ၃ လုံးမှာ လူအင်အား အများအပြားနဲ့ နေရာယူ စခန်းချနေတယ်။ အဲဒီကနေ မြဝတီတက်မယ်လို့ ယူဆရတယ်”လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူနေပေမဲ့ ပြန်လည်ဝင်ရောက် မနေထိုင်ရဲသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲ ချတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၂၀ ကျော်ထိမှန်သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ တွေရဲ့နေအိမ် ၅၀၀ နီးပါးမီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပါတယ်။
ဒါအပြင် စစ်ရှောင် ကာလကြာမြင့်ခဲ့တာကြောင့် နေအိမ်တွေ၊ ဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံရတာတွေရှိတယ်လို့ ကော့ကရိတ် ဒေသခံတွေက ပြောပါတယ်။
အောင်ခန့်