ချင်းပြည်နယ်အတွင်းမှာ အခြေချလှုပ်ရှားနေကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာရှိနေတဲ့ တီးတိန်မြို့ကို စစ်ရေးအရထိန်းချုပ် သိမ်းပိုက် နိုင်ရေးအတွက် အပြိုင်ကြိုးစားဆောင်ရွက်နေ ကြပါတယ်။
ဒီနှစ်အစပိုင်းက တီးတိန်မြို့နယ်ထဲမှာရှိနေတဲ့ ရဲနဲ့စစ်တပ်ပေါင်းပြီးတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိမှာတော့ တီးတိန်မြို့ကို အပြီးတိုင်ထိန်းချုပ်နိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ကလည်း မေ ၁ ရက်က တီးတိန်မြို့ရဲ့ ၁၅ မိုင်အကွာကို ရောက်ရှိပြီး တပ်စွဲထားပါတယ်။
ဒါ့အပြင် ချင်းပြည်ချင်းလန်းကောင်စီမှာမပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်ကလည်း တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် လအတော်ကြာကတည်းက စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်နေတာကြောင့် တီးတိန်မြို့ကို မသိမ်းပိုက်ခင်မှာ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်ပေါ်ရေးအတွက် အရင်ညှိနှိုင်းနေကြတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က ပြောပါတယ်။
ဧပြီ ၁၇ ရက်နေ့ကတည်းက PDF Zoland က တီးတိန်မြို့ကို သိမ်းပိုက်ဖို့အတွက် ၉၀ ရာခိုင်နှုန်းလောက် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်တာကြောင့် CNF အနေနဲ့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖော်ဆောင်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့တွက် ကြိုတင်အသိပေးဖို့ထုတ် CNF စစ်ဦးစီးချုပ်ဆီကို အချက် ၅ ချက်ပါတဲ့ အသိပေးစာပေးပို့ခဲ့ပါတယ်။
လက်ရှိမှာတော့ ချင်းအမျိုးသားတပ်ဦးဘက်က တီးတိန်းမြို့ကို သိမ်းပိုက်ဖို့ အင်အားအ များအပြားနဲ့ တီးတိန်မြို့ပတ်ဝန်ကျင်ကို ရောက်ရှိလာတဲ့အတွက် နှစ်ဖက် ပဋိပက္ခတွေ မဖြစ်အောင် ညှိနှိုင်းနေတာလို့ ကိုယောမန်ကပြောပါတယ်။
ချင်းပြည်ချင်းလန်းကောင်စီမှာမပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်ကလည်း CNF အနေနဲ့ ဟားခါးနဲ့ ထန်တလန်ဘက်မှာသာ ဦးစားပေး မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်သင့်ပြီး လိုအပ်ရင် ချင်းညီနောင်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ပေးမယ်လို့ ဧပြီ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
CNF အနေနဲ့ ကိုယ်နယ်မြေမဟုတ်ဘဲ ချင်းညီနောင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် ချင်းညီနောင်အဖွဲ့တွေ ဘက်က ပူးပေါင်း တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဘက်ကို DVB သတင်းဌာနက ဆက်သွယ်မေးမြန်းနေပေမဲ့ သတင်းဖော်ပြတဲ့အချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။
အောင်သူ