Home
မြန်မာသတင်း
မှော်ဘီ လေကြောင်းအရန်စစ်ဆင်ရေးဌာနချုပ်၌ စစ်ကောင်စီက ဒရုန်းသင်တန်းပေး
DVB
·
May 2, 2024
SAC Drone1_02052024
SAC Drone2_02052024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အမှတ် (၅) လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှာ စစ်ကောင်စီတပ်က  ဧပြီ ၂၈ ရက်မှ စတင်ကာ ဒရုန်းသင်တန်းတွေ ပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမှတ် (၅) လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဧပြီ ၂၆ ရက်က စတင်ကာ စစ်ဆင်ရေးမှာ အသုံးပြုတဲ့ ကားတွေနဲ့ သင်တန်းသားတွေကို လာရောက်ပို့ဆောင်သွားတာလို့ မှော်ဘီ မြို့ခံတဦးက ပြောပါတယ်။

“စစ်ကြောင်းက ပြန်လာတဲ့ကားတွေ နားတယ်လို့ မဟုတ်ဘူး။ လကစထဲမှာ သင်တန်းလာတက်တဲ့ ဒရုန်းသင်တန်းပေးနေတာလို့ ပြောသံတွေ ကြားတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်အတွင်းရှိ တပ်မ ၁၁၊ တပ်မ ၆၆ နဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ အရာရှိစစ်သည်တချို့ကို ဒရုန်းနဲ့ပတ်သက်ပြီး သင်တန်းပေးနေတာဖြစ်တယ်လို့ တပ်နယ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဒရုန်းနဲ့ပတ်သက်ပြီး အခြေခံကစပြီး သင်ပေးတာ။ သင်တန်းပေးတာတော့ ရက်မကြာသေးဘူး။ ရုရှားကနေ လာသင်ပေးမယ်လို့လည်း ကြားတယ်။ လတ်တလော စစ်တပ်က သင်ပေးတာပဲ ရှိတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒရုန်းတပ်ဖွဲ့ကို အရင်ကဖွဲ့စည်းထားပေမဲ့ အသုံးပြုတာနည်းပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှာ တန်ပြန်ဒရုန်းကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မြဝတီတိုက်ပွဲမှာ တရုတ်ထုတ်ဒရုန်းများကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်ခဲ့ပြီးနောက် ကြည်း၊ ရေ၊ လေမှ အရာရှိများကို ဒရုန်းသင်တန်းပေးသွားဖို့ ကက(ကြည်း)ရုံက ညွှန်ကြားခဲ့တာဖြစ်တယ် စစ်ဘက်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ရုရှားဆီက ဒရုန်းနဲ့ပတ်သက်ပြီး နည်းပညာတွေကို အရာရှိတွေက သင်တယ်။ ပြီးတော့ လေကြောင်းရန်ကို ပြန်သင်တယ်။ အဲဒီသင်တန်းဆရာတွေကနေ စစ်ဆင်ရေးမှာပါတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်သင်ပေးတာ။”

တန်ပြန်စစ်ဆင်ရေးတွေမှာ နည်းပညာနဲ့ အကူအညီရရှိစေရေးအတွက် ရုရှားနိုင်ငံနဲ့ တရုတ်ကို ဧပြီ ၁၁ မှ ဧပြီ ၃၀ ရက်အတွင်း ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှော်ဘီ  အမှတ် (၅) လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နည်းတူ အရှေတောင်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ ပါတဲ့ တိုင်းစစ်ဌာနချုပ် အချို့မှာလည်း ဒရုန်းနဲ့ပတ်သက်တဲ့ သင်တန်းအချို့ကို ပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဆက်စပ်သတင်း—

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013