Home
မြန်မာသတင်း
စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအတွက် အသင့်စားထမင်းနှင့် ဟင်းခြောက်များ ထောက်ပို့ ကူညီ
မင်းညို
·
May 1, 2024
KNDF_01052024

တောထဲမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့  တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီဖို့အတွက် အသင့်စားထမင်းနဲ့ ဟင်းခြောက်တွေ ပြုလုပ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ  ‘လစဉ်ထောက်ပို့ လက်တွဲစို့’ အဖွဲ့က ချက်ပြုတ်ကူညီနေပါတယ်။

CDM တွေနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာခဲ့ရတဲ့သူတွေက လစဉ် ထောက်ပို့ လက်တွဲ့စို့ဆိုပြီး အဖွဲ့လေးတခု တည်ထောင်ကာ တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ကူညီနေပါတယ်။

သူတို့အဖွဲ့က တောထဲမှာ စစ်ဘေးရှောင်ပြေးလွှားနေရသူတွေ တော်လှန်ရေးတပ်ဖွဲ့တွေ ချက်ပြုတ်စားလို့မရတဲ့ အနေအထားမှာ အသင့်စားလို့ရအောင် ဟင်းအခြောက်တွေနဲ့ အသင့်စား ကြာရှည်ခံထမင်းထုပ်တွေကိုပါ ပြုလုပ်ပြီး ကူညီနေတာပါ။

စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အခြေခံစားနပ်ရိက္ခာနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်တဲ့ ယူနီဖောင်းတွေကိုပါ ဈေးသက်သက်သာသာနဲ့ရအောင် ချုပ်ပေးတဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။

လစဥ်ထောက်ပို့လက်တွဲစို့ အဖွဲ့ရဲ့  တာ၀န်ခံ စသီဟအောင်က “သူတို့တနေရာရာမှာ ပိတ်မိနေခဲ့ရင်တောင် ကျောပိုးအိတ်ထဲမှာ ကျနော်တို့ ရိက္ခာခြောက်လေးတွေ ပါလာခဲ့ရင် အဆင်သင့် ထုတ်စားလိုက်ရုံပဲ၊ တချို့ မီးသုံးလို့မရနိုင်တဲ့နေရာတွေ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေအတွက် အသုံး၀င်ပါတယ်။ နောက်တခုက ရဲဘော်တွေ ယူနီဖောင်း ဈေးကြီးပေး ဝယ်နေတာကို  သက်သာစေဖို့အတွက် ဒီမှာရှိတဲ့ တော်လှန်ရေးလူငယ်တွေစုပြီး ချုပ်ကြတာပါ။ သူတို့ ယူနီဖောင်းဖိုး သက်သာအောင်လို့ပါ။ နောက်တခုက စစ်ဘေးရှောင်တွေကို ရိက္ခာ‌ဝေတဲ့ အစီအစဉ်ပါ”လို့ ပြောပါတယ်။

ဒီလို ကူညီနိုင်ဖို့အတွက် လူတယောက်ကို အနည်းဆုံး တလကို ကျပ်ငွေ ၅၀၀၀ စီ ထည့်ဝင်ကြရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က စားသောက်ဆိုင်တွေမှာလည်း အလှူခံပုံးတွေ ထားပြီး ချက်ပြုတ်ဖို့အတွက် စေတနာ့ဝန်ထမ်း အယောက် ၂၀ လောက်က ကူညီနေပါတယ်။

“ဒီလိုကူညီနိုင်ဖို့အတွက် လူတယောက်ကို အနည်းဆုံး တလကို ကျပ်ငွေ ၅၀၀၀ စီ ထည့်ဝင်ကြရပါတယ်။ အဲဒီထည့်၀င်တဲ့ငွေတွေနဲ့  Volunteer အဖွဲ့ လူ ၂၀ လောက်က ကူညီပြီး ချက်ပြုတ်ပေးကြတာပါ။ ဟင်းတွေကတော့ ကြက်သားအမွကြော်၊ အမဲသားအမွကြော်၊ ငါးခြောက်ကြော်နဲ့ သက်သတ်လွတ်အတွက်က အသားတုကြော်ပါ။ ကြက်သား အမဲသားကလည်း မွတ်စလင်ဆိုင်တွေကနေ ဝယ်ပြီး ကြော်တာပါ။ ထမင်းကတော့ ပေါ်ဆန်းမွှေးကို ချက်ပြီး နေလှန်းပြီး ဆီနဲ့ပြန်ကြော်တာပါ။ အဲဒါက ကြာရှည်လည်းခံပြီး ဒီအတိုင်းလည်း စားလို့ရသလို ရေနဲ့လည်း ပြန်ဖျော်စားလို့ ရပါတယ်။”

လစဥ်ထောက်ပို့လက်တွဲစို့အဖွဲ့ တာ၀န်ခံ စသီဟအောင်က “ယူနီဖောင်းက ဒီဘက်အရောက်ဆိုရင် ၁၅၀၀ လောက်ကျတာ၊ အခု ကျနော်တို့ ချုပ်တော့ ၉၅၀ ပဲကျတယ်။ ဝယ်လှူမယ့်သူတွေလည်း အဲဒီဈေးနဲ့ပဲ ရောင်းပေးတယ်။ ချုပ်တဲ့လူတွေကလည်း တော်လှန်ရေးဘက်တော်သားတွေပါပဲ။ ၆ ယောက် ရှိပါတယ်။ သူတို့က တလကို အစုံ ၁၀၀ လောက်အထိ ချုပ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ယူနီဖောင်းက ဒေသတွင်းအရောက်ဆိုရင် တစုံကို ဘတ် ၁၅၀၀ လောက်ပေးရတာ သက်သာအောင် သူတို့ ထုတ်လုပ်ပေးနေတာဖြစ်ပြီး သူတို့ဆီမှာတော့  ယူနီဖောင်းတစုံကို ဘတ် ၉၅၀ ပဲပေးရကာ  တလကို အစုံ ၁၀၀ လောက်အထိ ထုတ်လုပ်ပါတယ်။ အဲဒီလုပ်ငန်းတွေကို CDM တွေကလည်း လုပ်အားပေးအနေနဲ့ ကူညီပေးကြပါတယ်။

တရားရေးဌာန CDM ဦးမင်းလေးက “ဒီမှာက လူသားအရင်အမြစ်တွေ လိုလာတာကြောင့် ကျနော်တို့လည်း ဒီကိုလာပြီး ကူညီဖြစ်သွားတာပါ။ ဒီမှာက ချက်တဲ့ဘက် ကူမလား၊ ကားမောင်းပေးရမလား။ အကုန်ကူညီလိုတဲ့အတွက် ပါခဲ့တာပါ။ ဒီအတိုင်းနေပြီး CDM လုပ်ပြီး ထိုင်နေမယ့်အစား တော်လှန်ရေးအတွက် ပါနိုင်တဲ့နေရာကနေ ပါပေးတာပါ”လို့ ပြောပါတယ်။

လစဥ်ထောက်ပို့လက်တွဲစို့အဖွဲ့ကို ၂၀၂၂ ခုနှစ်မှာ စတင်ပြီး အကူအညီတွေ ပေးခဲ့ကြပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

သူတို့ ပရဟိတလုပ်ငန်းလေး ရေရှည်ရပ်တည်နိုင်ဖို့ သူတို့ရဲ့ ထောက်ပို့ဟင်းလျာအစီအစဉ်မှာ ပါဝင်ပေးဖို့နဲ့ လစဥ် ထောက်ပို့လက်တွဲစို့ ကို လှူကြဖို့ဖို့လည်း  မျှော်လင့်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013