Home
မြန်မာသတင်း
မိုးကောင်း၌ စစ်တပ်က ဓာတုပစ္စည်းတင်ကားများကို ဖမ်းဆီးပြီး ၂ စီးကို မီးရှို့ဖျက်ဆီး  
DVB
·
April 30, 2024
MoeKaung AmoniumNitrateCar_300420244

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပွင့်ဖြူရွာဘုန်းတော်ကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်က အမိုနီယံနိုက်ထရိတ် ဓာတုပစ္စည်းတင်လာတဲ့ကား ၈ စီးကို ဖမ်းဆီးခဲ့ပြီး  ၂ စီးကို ဧပြီ ၂၅ ရက်က မီး ရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ရွာသားတချို့က ပြောပါတယ်။

ဖောက်ခွဲရာမှာ အသုံးပြုတဲ့ အမိုနီယံနိုက်ထရိတ် ဓာတုပစ္စည်းတွေကို မန္တလေးဘက်ကနေ  ကား ၈ စီးနဲ့ သယ်ဆောင်လာတာဖြစ်ပြီး ဟိုပင်နဲ့ မိုးကောင်းရှစ်မိုင်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ် လက်အောက်ခ ၅၂၁ တပ်ရင်းက သူတို့တောင်းခံတဲ့ ဖြတ်သန်းခမပေးတာကြောင့် ဖမ်းဆီးခဲ့တာလို့ အဆိုပါတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ကန့်သတ်ပစ္စည်း၊ ဖောက်ခွဲရေးပစ္စည်းဆိုတော့ စကစက ဖိတောင်းတာပေါ့။ ပိုင်ရှင်ကလည်း တိုင်းမှူးရော၊ ဖားကန့် တပ်မမှူးရော ပိုင်တော့ မပေးဘဲ မောင်းပြေးကြတာပေါ့။” 

ကား ၈ စီးလုံးကို ဖမ်းဆီးခဲ့ပြီး ၂ စီးကိုတော့ လမ်းမပေါ်မှာပဲ မီးရှို့ဖျက်ဆီးခဲ့ကာ ကျန်ကား ၆ စီးကိုတော့ သူတို့ တပ်ထဲကို မောင်းသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ကားတွေက ပိုက်ဆံမပေးဘဲ မောင်းထွက်သွားတော့ လိုက်ဖမ်းတာပေါ့။ တကွဲတပြားစီပေါ့။ အကုန်နောက်ပြန်ခေါက်ခိုင်းပြီး တပ်ထဲမောင်းခိုင်းတာ။ ကာသမား ထွက်ပြေးတဲ့ကား ၂ စီးကိုတော့ အဲဒီနားမှာပဲ မီးရှို့ဖျက်ဆီးပစ်ခဲ့တာ။”

အဆိုပါ ၅၂၁ တပ်ရင်းဟာ ဖားကန့်နဲ့ တနိုင်းသို့ ကုန်ပစ္စည်းပို့ဆောင်တဲ့ ကားတွေကို  ဖြတ်သန်းခ ဂိတ်ကြေးတောင်း ငွေညှစ်ရာမှာ  နာမည်ကြီးတယ်လို့ ကုန်တင်ကားသမားတွေထံက သိရပါတယ်။

အမိုနီယံနိုက်ထရိတ်ပစ္စည်းတွေဟာ ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ ကျောက်မိုင်းခွဲဖို့ သယ်ဆောင်တာ ဖြစ်ပြီး  စစ်ကောင်စီက အထူးကန့်သတ်ထားတဲ့ပစ္စည်းလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက လာတဲ့ အမိုနီယံနိုက်ထရိတ် ယမ်းတတန်ကို  ကျပ်ငွေ သိန်း ၃၆၀၊ ထိုင်းနိုင်ငံထုတ် အမိုနီယံနိုက်ထရိတ် ယမ်းတတန်ကို ကျပ်သိန်း ၃၉၀ ထိ  ဖားကန့်မှာ ဝယ်ယူ အသုံးပြုရတယ်လို့ ဖားကန့်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   

အဆိုပါ ဓာတုပစ္စည်းတွေကို လာဘ်ငွေတွေယူပြီး ဖားကန့်ကို သယ်ယူခွင့်ပြုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်က ကချင်ပြည်နယ်တိုင်းမှူး၊ ကချင်ပြယ်နယ် နယ်စပ်ရေးရာဝန်ကြီးနဲ့ ဖားကန့် တပ်မ ၃၃ က တပ်မမှူးတို့ကို အရေးယူ ထောင်ချခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသကို စစ်ကောင်စီလက်အောက်ခံ သယံဇာတဌာနက ကျောက်စိမ်းအရိုင်း တူးဖော်မှုကို တားမြစ်ထားသလို၊ အမိုနီယံနိုက်ထရိတ်လို့ခေါ်တဲ့ ယမ်း သယ်ဆောင်ခွင့်ကိုလည်း အထူးတားမြစ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းအားလုံးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဦးစီးလုပ်ကိုင်နေခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အခုဧပြီ ဒုတိယပတ်ကစပြီး ကချင်ပြည်နယ်ကို လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို ကန့်သတ်ပိတ်ပင်ဖို့ စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024