Home
မြန်မာသတင်း
ကျိုက်မရောနှင့်သထုံတွင် စစ်တပ် ဖမ်းဆီးသတ်ဖြတ်မှုနှင့်လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး
DVB
·
April 29, 2024
KyaikMaYaw ThaHton VictimsDied_29042024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပလိုင်ရွာသားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဘေး‌မှာ ရုပ်အလောင်းကို စွန့်ပစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ပလိုင်ရွာမှာ‌ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ကိုမင်းအောင်ချမ်းကို ဧပြီ ၂၅ ရက်မှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကားနဲ့ ရွာနားပတ်ဝန်းကျင် အပါအဝင် နေရာတချို့ကို လိုက်ပြခိုင်းတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်မှာတော့ လက်နောက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုမင်းအောင်ချမ်း အလောင်းကို ကော့ပလိုင်ရွာအနားမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်သားတွေ သူ့ကို စစ်‌ဆေးစရာရှိတယ်ဆိုပြီး ရွာထဲကနေ လာဖမ်းသွားတာ။ ပြီးတော့ ရွာနားတဝိုက်မှာ စစ်တပ်က ကားတစီးနဲ့ လိုက်ပြခိုင်းနေတာ တရွာလုံးနီးပါး။ ဖမ်းဆီးခံရတဲ့နေ့ကော နောက်နေ့မနက်ပိုင်းထိကော စစ်ကောင်စီတပ်သားနဲ့အတူတူ တွေ့သေးတာ။ အဲ့နေ့လယ်ပိုင်းကျော်ကစပြီး‌ မတွေ့တော့ဘဲ ၂၇ ရက်နေ့မှာ လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ တွေ့တာ။ စစ်တပ်က ခိုင်းချင်တာခိုင်းပြီး သတ်သွားတာပဲ ဟုတ်မှာပါ။”

ကော့ပလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကိုမင်းအောင်ချမ်း အလောင်းကို ဧပြီ ၂၈ ရက်အထိ ယူ‌ဆောင်ခွင့်မပြုဘူးလို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကိုမင်းအောင်ချမ်းရဲ့ ဖုန်းထဲမှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပေမဲ့ DVB အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ကော့ပလိုင်ရွာ အပါအဝင် အနီးနားရှိ ကျေးရွာတွေက ဒေသခံအများစုဟာ စစ်ရှောင်နေတယ် ဆိုပေမဲ့ ရွာမှာ မစွန့်ခွာနိုင်တဲ့ လူတချို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်နေပြီး ပျောက်ဆုံးနေတဲ့လူ ၅ ဦးထက်မနည်း ရှိတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ လူသားစာနာနဲ့ ကယ်ဆယ်ရေးမှူး မိဆုတဂျိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ကော့ဘိန်းရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့လို့ ကြောက်လန့်ပြီး ထွက်ပြေးတဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာတွေကို ဧပြီ ၂၇ ရက်မှာ  စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးပြီး ရော်ဘာခြံနှစ်ခြံ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်ထံက သိရပါတယ်။

သထုံမြို့နယ်၊ အင်းရှည်ရွာအခြေစိုက် အမတ ၄၀၂ က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ကော့လိုင်းရွာ အနောက်ဘက် ရော်ဘာခြံထဲ ကျခဲ့တာကြောင့် ‌ ၁၅ ဧကလောက်ရှိတဲ့ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီးခဲ့ပါတယ်။

ည ၁၀ နာရီလောက်မှာ အမတ ၄၀၂ က လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ပြီး ဓားရိုးရွာဘေး ကွမ်းခြံထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကွမ်းခြံထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၆၇ နှစ်အရွယ် တီးရိုး သေဆုံးခဲ့ပါတယ်။

သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က “အမတ ၄၀၂ ကနေ တိုက်ပွဲမရှိဘဲ နေ့လယ်မှာတခါ၊ ညဘက်မှာတခါ ပစ်တာ။ နေ့လယ်မှာပစ်တာက ရော်ဘာခြံ ၂ ခြံ မီးလောင်သွားတယ်။ ညဘက်မှာကျတော့ နောင်ဘိုကနေ ဓားရိုးရွာမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတဦး ဗုံးစမှန်ပြီး ဆုံးသွားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက KNU သထုံခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ‌ကရင်အမျိုးသမီးတဦးကလည်း ပြောပါတယ်။

KNU သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဧပြီ ၂၅ ရက်က စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးစမှန်ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၈ လုံးလည်း ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013