Home
ရုပ်သံ
တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်နိုင်မှု စစ်ရေးအရ အရေးပါဟု သုံးသပ်
DVB
·
April 29, 2024
TawHeinTaungAA_29042024

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက တောဟိန်းတောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) ဘက်က အပြီးသတ် သိမ်းပိုက်ရလိုက်တာကြောင့် အမ်းမြို့နယ်ထဲမှာရှိတဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ဖို့အတွက် ခြေကုပ်တခုရလိုက်တဲ့သဘော ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

AA တပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တောဟိန်းတောင် ဗျူဟာကုန်းဟာ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီးမှာတည်ရှိတာဖြစ်ပါတယ်။ ဒီဗျူဟာကုန်းဟာ စစ်ရေးအရ အရေးကြီးတဲ့ ဗျူဟာကုန်းဖြစ်ပြီး အမ်းမြို့ကို ကာကွယ်ထားတဲ့ အပြင်စည်းပေါက်သွားတဲ့ အနေအထားလို့ စစ်ရေးလေ့လာသူတွေကလည်း ပြောပါတယ်။ 

CDM ဗိုလ်ကြီးဇင်ယော်က “တောဟိန်းတောင်ဗျူဟာဆိုတာက အမ်းတမြို့နယ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် အပြင်စည်းပေါ့။ အပြင်စည်းလုံခြုံရေးကို ထိန်းထားတဲ့နေရာပေါ့။ အတွင်းစည်းထဲကို ဝင်မယ်ဆိုရင်တော့ သူ့ရဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်း၊ နောက်ချန်တပ်တွေ ကျန်သေးတယ်။ အဲဒီတော့ အမ်းတမြို့နယ်လုံးကို ရဖို့ကတော့ ဆက်ကြိုးစားရဦးမယ်။ ဒါပေမဲ့ ကဇူးကိုင်းမှာရှိတဲ့ တောဟိန်းတောင်ကို ရသွားပြီဆိုတော့ ဒါက အချက်အချာ‌မြေ၊ စစ်ဗျူဟာ အရေးကြီးမြေကို AA ဘက်က ရလိုက်ပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ တိုက်စစ်ဖွင့်ဖို့အတွက် ခြေကုပ်မြေကို ရလိုက်ပြီလို့ ပြောလို့ရတာပေါ့”လို့ ပြောပါတယ်။ 

အမ်းမြို့နယ်ဟာ ပြည်မထွက်ပေါက်ဖြစ်သလို အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ပြီဆိုရင်တော့ စစ်ရေးအရ အများကြီး အသာစီးရသွာနိုင်မယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

အဲဒီဗျူဟာကုန်းကို ဧပြီ ၂၈ ရက်မှာ AA တပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများသလို ထွက်ပြေးနေတဲ့သူတွေလည်း အများကြီးရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက DVB ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လကတည်းက ထိုးစစ်ဆင်နေတဲ့ အဲဒီဗျူဟာကုန်းပေါ်မှာ စစ်ကောင်စီက အင်အားရာပေါင်းများစွာချပြီး ခံစစ်ပြင်ထားတာကြောင့် တလဝန်းကျင် ကြာတဲ့အထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရတာလို့လည်း ဆိုပါတယ်။ 

“သူတို့ဘက်က သေတာများတယ်။ ထွက်ပြေးတာတွေလည်းရှိတယ်၊ လိုက်ရှင်းနေတုန်း။ အဲကုန်းပေါ်မှာ သူတို့အင်အားက ၇၀၀ လောက် အထိရှိတာ တော်တော်များတယ်။ အဲဒါကြောင့် ကြာတာ။”

စစ်ကောင်စီအနေနဲ့ တောဟိန်းတောင်ဗျူဟာကို လက်မလွှတ်ရရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေကို အများအပြားသုံးစွဲခဲ့ပေမဲ့ အခုလို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

မြေပြင်အခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့ မရသေးသလို ပြန်ကြားရေးဘက်ကလည်း တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ်အပြင် သံတွဲနဲ့ ကျောက်ဖြူဘက်မှာလည်း ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်တွေက ဆက်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013