Home
မြန်မာသတင်း
စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျနိုင်
DVB
·
April 29, 2024
Thai-MyanmarBoder_29042024

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားနိုင်တယ်လို့ Federation of Thai Industries (FTI) ရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ မြဝတီမြို့ကို လူသုံးကုန်ပစ္စည်းတွေနဲ့ လျှပ်စစ်ဓာတ်အားကို အဓိကတင်သွင်းတာ ဖြစ်ပါတယ်။

အာရှအမြန်လမ်းမကြီးဟာလည်း မြဝတီကိုဖြတ်ပြီး တာ့ခ်ခရိုင်နဲ့ ရန်ကုန်ကို ချိတ်ဆက်ပေးထားတာပါ။

“ထိုင်းနဲ့ မြန်မာအကြား စုစုပေါင်း နယ်စပ်ကုန်သွယ်မှုက တနှစ်ကို ဘတ် ၁၀၀ ဘီလီယံအထိ ရှိပါတယ်” လို့ FTI အောက်က နယ်စပ်ကုန်သွယ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဆူရီယွန် တူချင်ဒါက သုံးသပ်ပါတယ်။

စီးပွားရေးအတွက် စစ်အစိုးရနဲ့ ကရင်တိုင်းရင်းသားအဖွဲ့တွေအကြား အဖြေရှာနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း တူချင်ဒါက ဆိုပါတယ်။

ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း ထိုင်းကနေ မြန်မာကို တင်သွင်းတဲ့ ထိပ်ဆုံးပစ္စည်း ၁၀ မျိုးဟာ ဘတ် ၂၇ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး ဒါတောင်မှ နှစ်အလိုက်ယှဉ်ရင် ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့သွားတာဖြစ်ပါတယ်။

ဒီဇယ်၊ အဖျော်ယမကာ၊ ရော်ဘာနဲ့ သကြားတင်သွင်းမှုတွေ တက်လာပေမဲ့ ကွန်ပျူတာနဲ့ ကွန်ပျူတာ အစိတ်အပိုင်းတွေ တင်သွင်းမှု ကျသွားသလို တခြားစက်မှုထုတ်ကုန်တွေ တင်သွင်းမှုလည်း ကျသွားတယ်လို့ ဆိုပါတယ်။

အတွင်းလောင်အင်ဂျင်သုံးယာဉ်တွေ တင်သွင်းမှုက ၁၈ ရာခိုင်နှုန်းကျော် ကျသွားပေမဲ့ အစိတ်အပိုင်းတွေ တင်သွင်းမှုကတော့ ၆ ဒသမ ၆၁ ရာခိုင်နှုန်း တက်လာတယ်လို့ ဆိုပါတယ်။

မြဝတီ-တာ့ခ်ဟာ နှစ်နိုင်ငံအကြားမှာ နယ်စပ်ဂိတ် ၅ ခုထဲက တခုဖြစ်ပါတယ်။ တခြားဂိတ်တွေက ချင်းရိုင်က မယ်ဆိုင်၊ ကန်ချနာဘူရီက နမ်ရွန်၊ ပရာချုခီရီခန်က ဆင်ခွန်းနဲ့ ရနောင်းတို့ ဖြစ်ပါတယ်။

FTI ရဲ့ အချက်အလက်တွေအရ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနဲ့ ကုန်သွယ်မှုဟာ ၂၄ ရာခိုင်နှုန်းရှိပြီး မလေးရှားနဲ့ ၃၁ ရာခိုင်နှုန်း၊ လာအိုနဲ့ ၂၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013