အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ လက်ရှိစစ်ပွဲအပြီး ဖော်ဆောင်မယ့် အခြေအနေတွေကို ဆွေးနွေးဖို့ အာရပ်မိတ်ဖက်တွေနဲ့ တွေ့ဆုံနိုင်ရေးအတွက် ဧပြီ ၂၉ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်လာပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တောင်းဆိုထားတဲ့ ခိုင်မာပြီး မြင်သာထင်သာရှိတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်ဖို့ ဂါဇာမှာ ဆိုးရွားလှတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို မြှင့်တင်ပေးဖို့ ခုလအတွင်း တောင်းဆိုမှာပါ။
ဆော်ဒီမြို့တော် ရိယာ့ဒ်မှာ ဘလင်ကန်ဟာ ထိပ်တန်း ဆော်ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အာရပ် ၅ နိုင်ငံဖြစ်တဲ့ ကာတာ၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဂျော်ဒန်တို့က စစ်ပြီးချိန်မှာ ဂါဇာကမ်းမြောင်ဒေသမှာ ဘယ်လို အုပ်ချုပ်မှုပုံစံ ဖြစ်လာမလဲဆိုတာ ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကတော့ ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို တကြိမ်တခါတည်းနဲ့ အပြီးအပြတ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ အလေးပေးပြောကြားခဲ့ပြီး ဒါဟာ လူတိုင်းရဲ့ အကျိုးစီးပွားအတွက် ဖြစ်မယ်လို့ ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
ရိယာ့ဒ်မြို့တော်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) မှာ ‘ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း’ ဆိုင်ရာ အစည်းအဝေးတခုအတွင်း မင်းသား ဖိုင်ဆယ်လ်ဘင် ဖာဟန် အယ်လ်ဆွဒ်က ပြောခဲ့ပါတယ်။
WEF အစည်းအဝေးမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီး အလေးပေး ပြောကြားခဲ့ပြီး ခေါင်းဆောင်တွေနဲ့ တက်ရောက်လာသူတွေက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ထာဝရငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီအစည်းအဝေးမှာ ၂ ရက်တာကာလအတွင်း ကဏ္ဍအသီးသီးနဲ့ စက်မှုလုပ်ငန်း နယ်ပယ်တွေက ကမ္ဘာ့ခေါင်းဆောင် အယောက် ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
Source/Photo-Reuters