Home
နိုင်ငံတကာ
တက်စလာ၏ အလိုအလျောက်မောင်းနှင်စနစ် ခွင့်ပြုပေးရန် အီလွန်မတ်စ်ခ် တရုတ်နှင့် ညှိနှိုင်း
DVB
·
April 29, 2024
ElonMuskChina_29042024

တက်စလာကုမ္ပဏီ စီအီးအို အီလွန်မတ်စ်ခ်ဟာ တရုတ်နိုင်ငံမြို့တော် ပေကျင်းကို ဧပြီ ၂၈ ရက်က မကြေညာဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ပါတယ်။

အလိုအလျောက်မောင်းနှင်စနစ် (FSD) ကို တရုတ်နိုင်ငံမှာ သုံးခွင့်ပေးဖို့နဲ့ မောင်းနှင်မှု အချက်အလက်တွေကို ပြည်ပကို ရွှေ့ပြောင်းခွင့်ပေးဖို့ ခွင့်ပြုချက်ရရှိရေး လာရောက်ညှိနှိုင်းတာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မတ်စ်ခ်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်ပြည်မှာ တက်စလာ ဖွံ့ဖြိုးနေတာဟာ အမေရိကန်-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခြင်းရဲ့ ဥပမာဖြစ်တယ်လို့ လီချန်းက ပြောကြားခဲ့ပါတယ်။

မတ်စ်ခ်ကလည်း လီချန်းနဲ့တွေ့ရတာ ဂုဏ်ယူကြောင်း၊ ရှန်ဟိုင်းမှာကတည်းက သိကျွမ်းခဲ့တာဖြစ်ကြောင်း သူ့လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

တက်စလာကုမ္ပဏီဟာ အမေရိကန်မှာ အလိုအလျောက်မောင်းနှင်စနစ်ကို လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပေမဲ့ တရုတ်မှာ ခွင့်ပြုချက်မရသေးလို့ စောင့်နေရတာ ဖြစ်ပါတယ်။

တရုတ်ပြည်က တက်စလာကားတွေရဲ့ ဒေတာအချက်အလက်တွေ အကုန်လုံးကိုလည်း အမေရိကန်ကို သယ်ခွင့်မရှိတဲ့အတွက် တရုတ်ပြည်မှာပဲ ထိန်းသိမ်းထားရပါတယ်။

အလိုအလျောက် မောင်းနှင်စနစ်အတွက် လုပ်နည်းအစီအစဉ် အယ်လ်ဂိုရစ်သမ်တွေ ဖော်ထုတ်ဖို့ ဒီအချက်အလက်တွေ လိုအပ်တဲ့အတွက် အမေရိကန်ကို အချက်အလက် လွှဲပြောင်းခွင့်ပါ လာရောက်ညှိနှိုင်းတာလို့ သတင်းတွေက ဖော်ပြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013