စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) တိုက်ခိုက်ခံရလို့ တိုင်းအရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ကနီမြို့အခြေစိုက် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဧပြီ ၂၄ ရက် ည ၇ နာရီအချိန်မှာ မုံရွာနမခအတွင်းကို ရော့ကတ်အလုံး ၂၀ ဒရုန်း ၅ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစည်းအဝေးပြုလုပ်နေတဲ့ ဇေယျာသီရိခန်းမမှာ ရော့ကတ်ပေါက်ကွဲခဲ့ပြီး တိုင်းအရာရှိ ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် နမခဝန်းအတွင်းက ဗဟိုကင်း၊ စစ်တိုင်းမှူးအိမ်ရာ၊ အရာရှိရိပ်သာ၊ တပ်ဆေးရုံ၊ ရိက္ခာသိုလှောင်ရုံ၊ စရဖရုံး၊ BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG-PDF) တာဝန်ရှိသူတဦးက “တိုက်ခိုက်မှုပြီးတော့ ၇ နာရီခွဲလောက်ကျတော့ သူတို့က ဟောင်ဝစ်ဇာ ၅ လုံးနဲ့ထုတယ်၊ လေကြောင်းကနေလည်း နမခဝန်းကျင်ကို ၈ ကြိမ်လောက်ကင်းပတ်တယ်၊ ညတွင်းချင်းဘဲ နမခ အနောက်ဘက် ဘုတလင်မြို့နယ်ထဲက ရွာ ၃ ရွာကို ချက်ချင်းစစ်ကြောင်းထိုးပြီး စစ်ဆေးတာတွေ လုပ်တယ်ပေါ့နော်၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူလည်း အရမ်းများသွားတော့ ဘုတလင်မြို့နယ်ထဲက ဆေးရုံမှာဆေးကုနေတယ်”လို့ ပြောပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးချိန် စစ်ကောင်စီတပ်ဘက်က YAK – 130 အမျိုးအစား တိုက်လေယာဉ်နဲ့ ၁၀ ကြိမ်နီးပါး လှည့်ပတ်ပျံသန်းခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုတလင်မြို့နယ် ထန်းတောရွာက အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာ နမခကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့၊ Chindwin Rocket Brothers၊ ချိုမိုင်မိုင် ကနီ၊ ချိုမိုင်မိုင် ယင်းမာပင်၊ မုံရွာခရိုင်ရင်း ၁၃ စတဲ့တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မုံရွာ နမခ တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကေင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း-၃၇ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ အရာရှိတွေ အပါအ၀င် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလကစပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ဘေးပတ်ဝန်းကျင်က ဘူးတောင်းကန်၊ ခိုသန်း၊ တဲကြီးကုန်း၊ ဆုံကုန်း၊ ပေကုန်းနဲ့ ကြီးဗဒုံကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။