Home
မြန်မာသတင်း
စစ်ကောင်စီတပ်ထံမှ KNLA ပူးပေါင်းတပ်များ သိမ်းဆည်းရမိသည့် သံချပ်ကာကားနှင့် စက်သေနတ်ကြီးများ  
DVB
·
April 25, 2024
KNU Keep Military 4_25042024
KNU Keep Military 1_25042024
KNU Keep Military 2_25042024
KNU Keep Military 3_25042024

ကရင်ပြည်နယ်၊ မြဝတီကို အောင်ဇေယျစစ်ဆင်ရေးနဲ့အတူ စစ်ကူလာတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေအတွင်း ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီရဲ့ သံချပ်ကာကားနဲ့ စက်သေနတ်ကြီးတွေ တင်ထားတဲ့ အပေါ့စားယာဉ်တွေကို သိမ်းမိခဲ့ပါတယ်။

သိမ်းမိတဲ့ သံချပ်ကာကားဟာ ရုရှားလုပ် BDRM-2MS သံချပ်ကာ ကင်းထောက်ယာဉ်ဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေကတည်းက ထုတ်လုပ်ထားတာဖြစ်ကာ အခုယာဉ်ကတော့ အဆင့်မြှင့်တင်မှုတွေ လုပ်ထားတဲ့ အမျိုးအစားလို့ စစ်လက်နက်လေ့လာသူ Tactical Raptor က ပြောပါတယ်။

မြန်မာထဲကို BDRM-2MS သံချပ်ကာယာဉ်တွေ ၂၀၁၉ လောက်မှာ ရုရှားကနေ ပို့ပေးခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးချိန် ပထမဆုံးလုပ်တဲ့ ၂၀၂၁ ခုနှစ် တပ်မတော်နေ့က စတင်ကာ  စစ်ကောင်စီက ထုတ်ပြခဲ့ပါတယ်။

သံချပ်ကာယာဉ်အပြင် ပွိုင့်ဖိုက် စက်သေနတ်ကြီး တပ်ဆင်ထားတဲ့ အင်းလေးဂျစ်လို့ အမည်ရတဲ့ စစ်သုံးယာဉ်တစီးနဲ့ လေယာဉ်ပစ် စက်သေနတ်ကြီး တပ်ဆင်ထားတဲ့ TATA စစ်သုံးယာဉ်တစီးကိုလည်း ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းမိထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက DVB ကို အတည်ပြုပါတယ်။

“မြဝတီ စစ်ကူလာဖို့ ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်း အခြေအနေက တောင်ခြေကနေ မကျော်နိုင်သေးဘူးဆိုတာ ပြောလို့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ရလိုက်တဲ့ ကားတို့ လက်နက်တို့ကိုလည်း တွေ့မြင်ရမှာဖြစ်တယ်။”

နိုင်ငံအနှံ့က တော်လှန်ရေးတပ်တွေကို အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ သူ့ရဲ့ သံချပ်ကာယာဉ်မျိုးစုံနဲ့  ဟောင်ဝစ်ဇာအမြောက်တွေ အပါအဝင် လက်နက်ကြီးလက်နက်ငယ်တွေ စစ်မျက်နှာအနှံ့မှာ  ဆုံးရှုံးထားပါတယ်။

ချင်းပြည်နယ်၊ ရှမ်းမြောက်နဲ့ ရခိုင်တို့မှာ သံချပ်ကာယာဉ်မျိုးစုံကို ဆုံးရှုံးထားခဲ့ရပြီး အခုလည်း BRDM-2MS အမျိုးအစားယာဉ်ကိုလည်း ပထမဆုံး ဆုံးရှုံးမှုအဖြစ် မှတ်တမ်းတင်နိုင်ကြောင်း စစ်လက်နက်လေ့လာသူ Tactical Raptor က ပြောပါတယ်။

သံချပ်ကာယာဉ်ထက် ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းမိလိုက်တဲ့ စစ်သုံးယာဉ် ၂ စီးနဲ့ စက်သေနတ်ကြီးတွေက ပိုအသုံးတည့်နိုင်တယ်လို့လည်း ဆက်ပြောပြပါတယ်။

“သိမ်းမိတဲ့ BRDM-2MS က မြင်ရတဲ့ပုံတွေမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးထားတာတော့ မတွေ့ရပါဘူး။ အဲဒါကြောင့် ပြန်သုံးမယ်ဆို သုံးလို့ရနိုင်တယ်။ ဒါပေမဲ့ ပြင်ဆင်ထိန်းသိမ်းဖို့ အပိုပစ္စည်းနဲ့ စက်ပြင် mechanic တွေ လိုလာပါလိမ့်မယ်။ အဲဒါကြောင့် တကယ် လက်တွေ့ တိုက်ပွဲမှာ ပြန်သုံးဖို့က အခက်အခဲတွေများပြီး ရန်သူဆီက သိမ်းမိခဲ့တဲ့ပစ္စည်း trophy အနေနဲ့သာ ထားဖို့များနိုင်ပါတယ်။ ရှမ်းမြောက်မှာလည်း သံချပ်ကာကားတွေ ဒါဇင်နဲ့ချီပြီး သိမ်းမိခဲ့ပေမဲ့ တိုက်ပွဲမှာ ပြန်သုံးတာမျိုး မတွေ့ရသေးပါဘူး။ သံချပ်ကာကား သိမ်းမိတာထက် အင်းလေးဂျစ်ပေါ်က ပွိုင့်ဖိုက်၊ double cab ပေါ်က လေယာဉ်ပစ် စက်သေနတ်ကြီးတွေက ပိုအသုံးတည့်နိုင်ပါတယ်။”

စစ်ကောင်စီဟာ ရုရှား၊ ယူကရိန်းနဲ့ တရုတ်လုပ် သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေကို အဓိကထား အသုံးပြုနေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေမှာ သံချပ်ကာယာဉ် အများအပြားကို ထုတ်သုံးလာပါတယ်။

စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေကို ဖျက်ဆီးနိုင်ရင် ဆုငွေပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ ချင်းပြည်နယ်မှာ သံချပ်ကာယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကြောင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို ကျပ်ငွေ သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

သီဟ

PHOTO-KNU

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013