Home
မြန်မာသတင်း
မြဝတီကို ပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က လမ်းကြောင်း ၃ ခုမှ ထိုးဖောက် စစ်ဆင်နေ
DVB
·
April 25, 2024
Myawaddy-AirStirke_22042024

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က လမ်းကြောင်း ၃ ခုကနေ ထိုးဖောက်နိုင်ဖို့  စစ်သည်အင်အားဖြည့်တင်းနေတယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ပြောပါတယ်။

ကော့ကရိတ်မြို့အနီးတဝိုက်မှာ မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံအဆင့် အောင်ဇေယျ အမည်ပေးထားတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက တားဆီးတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ အထိနာပြီး မြေပြင်နဲ့ ဝေဟင်အပြင် ဒရုန်းဗုံးတွေကို အလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်နေတာပါ။

စစ်ကောင်စီက ကော့ကရိတ်-အာရှလမ်း၊ အောက်ဗိုလ်တဲ(လမ်းဟောင်း) နဲ့ ထို့ကော်ကိုးလမ်းတွေကို အသုံးပြုပြီး ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။

ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက “မြဝတီမြို့ကို မထိန်းချုပ်နိုင်ရေး၊ နောက် အာရှလမ်းကြီး ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက်ကို ကျနော်တို့က အသည်းအသန် ကာကွယ်နေမှာပဲ။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေကတော့ ကော့ကရိတ်ကနေ အာရှလမ်းအတိုင်း တက်ရင် တက်မယ်။ နောက်ပြီးတော့ လမ်းဟောင်းတလမ်းရှိမယ်။ နောက် ထို့ကော်ကိုးလမ်းရှိမယ်။ အဲဒီလမ်း ၃ လမ်းက လက်ရှိ အင်အားဖြည့်တာတွေကတော့ ကြားသိရတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၁ ရက် ညက စစ်ကောင်စီတပ်ဘက်က KNLA ပူးပေါင်းစစ်ကြောင်းတွေ လုံခြုံရေးရယူထားတဲ့ ခလရ ၂၇၅ ဂိတ်ကင်းနေရာကို ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ယာယီ နောက်ဆုံးပေးခဲ့ရပါတယ်။

ဒါ့အပြင် ဧပြီ ၂၃ ရက်မှာ စစ်ကောင်စီက ခလရ ၂၇၅ တပ်ရင်းအတွင်းက ကရင်အမျိုးသားအလံကို ဖြုတ်ချပြီး စစ်ကောင်စီအလံတင်နိုင်ဖို့ နယ်ခြားစောင့် (BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

KNLA ပူးပေါင်းစစ်ကြောင်းတွေ ခလရ ၂၇၅ တပ်ရင်းကနေ ယာယီဆုတ်ပေးလိုက်ရပေမဲ့ ကျန်ရှိတဲ့ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇၊ ဗျူဟာနေရာတွေ အားလုံး KNLA တပ်တွေ လက်ထဲမှာပဲ ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“ကျနော်ပြောတဲ့အထဲမှာ ယာယီအားဖြင့် ဆုတ်ထားတာရှိတယ်။ ဒါပေမဲ့ အတိအကျတော့ မပြောထားဘူးလေ။ ဘယ်နေရာကနေ ဆုတ်တယ်ဆိုတာတော့။ အခုကတော့ ရှင်းရှင်းလင်းလင်း ပြောရမယ်။ ကျနော်တို့ ဆုတ်တယ်။ မှန်တယ်။ ခလရ ၂၇၅ ကနေ ဆုတ်တယ်ဆိုပေမဲ့ ကျန်ရှိတဲ့ တပ်စခန်းနေရာတွေဖြစ်တဲ့ ၃၅၅၊ ၃၅၆၊ ၃၅၇၊ ဗျူဟာနေရာတွေ အားလုံးက ကျနော်တို့ KNLA တပ်တွေ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သေချာရှင်းလင်းချင်တာပါ။”

ဧပြီ ၂၁ ရက်က ကော့ကရိတ်-အာရှလမ်းမပေါ်မှာ မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သံချပ်ကာကားတစီး၊ ​လေယာဥ်ပစ် စက်​သေနတ်တင်ယာဥ်တစီး၊ ပွိုင့် 5 စက်​သေနတ်တင်ထားတဲ့ ယာဥ်တစီးနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013