Home
နိုင်ငံတကာ
ရုရှား ဒုကာကွယ်ရေးဝန်ကြီး ၁ ဦးကို လာဘ်စားမှုဖြင့် ဖမ်းဆီး
DVB
·
April 25, 2024
Russian Deputy Defence Minister Timur Ivanov inspects the construction of a water intake facility in Crimea

ရုရှားကာကွယ်ရေးဝန်ကြီးဆာဂျီရွှိုင်ဂူ လက်အောက်ရှိ ဒုတိယကာကွယ်ရေးဝန်ကြီးတွေထဲက တယောက်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ရုရှားတရားရုံးက ဧပြီ ၂၄ ရက်မှာ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပြီး ဒါဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီးနောက်ပိုင်း အထင်ရှားဆုံး အဂတိလိုက်စားမှုကိစ္စလည်း ဖြစ်ပါတယ်။

ဆိုဗီယက်ခေတ်ထောက်လှမ်းရေး KGB ရဲ့ အဓိကဆက်ခံသူဖြစ်တဲ့ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး တီမြုရ်အိုင်ဗာနော့ဗ်ကို ကြီးကြီးမားမား လာဘ်ပေးလာဘ်ယူမှုအတွက် အင်္ဂါနေ့က လုပ်ငန်းခွင်မှာပဲ ဖမ်းဆီးလိုက်တာပါ။

မော်စကိုရှိ ဘာ့စ်မန်နီ ခရိုင်တရားရုံးက အသက် ၄၈ နှစ်အရွယ် အိုင်ဗာနော့ဗ်ကို ဇွန် ၂၃ ရက်အထိ ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ထားပါတယ်။

“အိုင်ဗာနော့ဗ်ဟာ အုပ်စုဖွဲ့ ရာဇဝတ်မှု မကျူးလွန်ခင်မှာ ကြိုတင်အုပ်စုဖွဲ့ထားတဲ့ တတိယပါတီတွေနဲ့အတူ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စုံစမ်းစစ်ဆေးရေးက ယုံကြည်ထားကြောင်း” တရားရုံးက ပြောပါတယ်။

ဒီပူးပေါင်းကြံစည်မှုဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် စာချုပ်နဲ့ စာချုပ်ခွဲတွေကို လုပ်ဆောင်နေချိန်အတွင်း အထူးကြီးမားတဲ့ အတိုင်းအတာတခုမှာ အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှုနဲ့ ဝန်ဆောင်မှုတွေကို လက်ခံရရှိဖို့ဖြစ်ကြောင်း တရားရုံးက ပြောပါတယ်။

အိုင်ဗာနော့ဗ်ကတော့ သူ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ ရုရှားမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ ဒီအမှုအပြည့်အစုံကို နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့ပါတယ်။

ကရင်မလင်နန်းတော်က ဒီအမှုကိစ္စကို ရုရှားသမ္မတ ပူတင်ကို အကြောင်းကြားခဲ့ကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူကိုလည်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မှတ်ချက်မပေးခဲ့ပါဘူး။

အိုင်ဗာနော့ဗ်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတဦးဖြစ်တဲ့ ဆာဂျီဘိုရိုဒင်ကိုလည်း လာဘ်ယူဖို့ ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013