ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ ပလတ်စတစ်ဘူးခွံဟောင်းတွေကို တံမြက်စည်းဖြစ်အောင် ပြုလုပ်ပြီး စွန့်ပစ်ပလတ်စတစ်အမှိုက်တွေ ညစ်ညမ်းမှုကို လျှော့ချဖို့ လုပ်ငန်းရှင်တဦးက ဦးဆောင်ကြိုးပမ်း လုပ်ဆောင်နေပါတယ်။
ဖနွမ်းပင်မြို့တော်ရှိ ၉ မီတာကျယ်ပြီး ၄၅ မီတာ အရှည်ရှိတဲ့ ဂိုဒေါင်ငယ်တလုံးမှာတော့ အလုပ်သမားတစုဟာ ပလတ်စတစ်ဘူးဟောင်း အလွတ်တွေကို ပလတ်စတစ်အပိုင်းအစတွေ ဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။
ချာချာလည်နေတဲ့ ဘူးခွံအလွတ်တွေကနေ ထွက်လာတဲ့ ပလတ်စတစ်တွေကို စုစည်းပြီး ပျော့ပျောင်းလာအောင် ရေနွေးထဲမှာ စိမ်ရပါတယ်။ အဲဒီနောက်မှာ ၃ လက်မခွဲလောက်ရှည်တဲ့ ပုံသွင်းစက်မှာ လှီးဖြတ်ပြီးတာနဲ့ ဝါးလက်ကိုင်မှာ သတ္တုဝိုင်ယာကြိုးနဲ့တွဲပြီး ချည်ဖို့အတွက် အရွယ်တူ ပလတ်စတစ်အပိုင်းအစတွေ ရလာပြီ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ အဲဒီပလတ်စတစ်စတွေဟာ နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းဖြစ်တဲ့ တံမြက်စည်းအဖြစ်ကို ပြောင်းလဲသွားတာ မြင်တွေ့ရပါတယ်။
အသေးစားလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၄၁ နှစ်အရွယ် ကမ္ဘောဒီးယားလုပ်ငန်းရှင် ဟက်စ်ကာက “နိုင်ငံခြားမှာဆိုရင်တော့ ပလတ်စတစ်ဘူးတွေက ဈေးပိုကြီးပြီး Recycle ပြန်လုပ်ကြပါတယ်။ ကမ္ဘောဒီးယားမှာတော့ ပလတ်စတစ်ဘူးခွံဟောင်းတွေက တခြားဝါးလက်ကိုင်တွေလို ဈေးပေါတယ်။ လုပ်အားခလည်း သက်သာတယ်ဆိုတော့ တံမြက်စည်းပုံလှလှလေးလုပ်ပြီး ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။
ပလတ်စတစ် တံမြက်စည်းတွေကို ဝယ်ယူသုံးစွဲသူတွေကလည်း ကြိုက်နှစ်သက်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့ချပေးတဲ့အတွက် အကျိုးရှိတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားလုပ်ငန်းရှင် ဟက်စ်ကာက “အခုအထိတော့ ပလတ်စတစ်ဘူးခွံဟောင်း တန် ၄၀ လောက် အသုံးပြုပြီးပါပြီ။ ဒီဟာက တော်တော်များတဲ့ အရေအတွက်ပါ။ ထုတ်လုပ်လိုက်တဲ့ ပလတ်စတစ် တံမြက်စည်းတွေက သုံးလို့ကောင်းပြီး တာရှည်ခံတာကြောင့် သုံးစွဲသူတွေ သဘောကျကြပါတယ်။ ကျနော်တို့လို ထုတ်လုပ်သူတွေဘက်ကလည်း လူတွေကြိုက်ကြတယ်ဆိုလို့ ပျော်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေ ပြန်အသုံးချတာက လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်ပြီး လူတွေက ပလတ်စတစ်ဘူးဟောင်းတွေ စုဆောင်းထားပြီး ကျနော်တို့ဆီကို ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းနိုင်လို့ သူတို့နေထိုင်မှုဘဝတွေလည်း ပိုကောင်းလာနိုင်ပါတယ်။”
မြို့တော်က ထွက်ရှိလာတဲ့ အမှိုက် ၅ ပုံ ၁ ပုံက ပလတ်စတစ် စွန့်ပစ်အမှိုက်တွေ ဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုပါတယ်။ လူတွေ လက်လွတ်စပယ် လွှတ်ပစ်ကြတဲ့ ပလတ်စတစ်အမှိုက်တွေက မြို့တော်တခွင်မှာ စုပုံများပြားလာနေပါတယ်။
ဖနွမ်းပင် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဥက္ကဋ္ဌ ကိရန်းဆေးက “ဖနွမ်းပင်မှာ တရက်တရက်ကို အမှိုက်တန်ချိန် ၂၅,၀၀၀ ကနေ ၃၈,၀၀၀ အထိ ထွက်ပါတယ်။ မြို့နေလူဦးရေ သုံးသန်းလောက်က စွန့်ပစ်တဲ့ ပမာဏဆိုတော့ တော်တော်များတယ်လို့ ပြောနိုင်ပါတယ်။ လူတယောက် တရက်ကို အမှိုက် ၁ ဒသမ ၂ ကီလိုနှုန်းနဲ့ စွန့်ပစ်နေကြတာပါ” လို့ ပြောပါတယ်။
တခါသုံး ပလတ်စတစ်တွေဖြစ်တဲ့ ကျွတ်ကျွတ်အိတ်၊ အရည်သောက်ပလတ်စတစ်ပိုက်နဲ့ ဘူးခွံတွေက အမှိုက်ပုံးနဲ့ ရေစီးမြောင်းပိတ်ဆို့တဲ့ နေရာတွေမှာ အများဆုံးတွေ့ရတဲ့ အဓိက လက်သည်တရားခံတွေ ဖြစ်ပါတယ်။
စွန့်ပစ်ပလတ်စတစ်ကို တီထွင်ဖန်တီးပြီး ပြန်လည်အသုံးပြုတဲ့ နိုင်ငံရပ်ခြား စိတ်ကူးစိတ်သန်းကြောင့် ဟက်စ်ကာဟာ ရေရှည်တည်တံ့မှုဆိုင်ရာ မျှော်မှန်းချက်ကို နားလည်သဘောပေါက်စေဖို့အတွက် အလုပ်သမား ၂၈ ဦးပါ အဖွဲ့တဖွဲ့ ဖွဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာ တံမြက်စည်းအတွက်သုံးတဲ့ ဝါးချောင်းနဲ့ ပလတ်စတစ်ဘူးခွံဟောင်းတွေလို ကုန်ကြမ်းတွေအတွက် ကုန်ကျစရိတ်ဟာ နိုင်ငံရပ်ခြားနဲ့ နှိုင်းယှဉ်လိုက်ရင် အရင်းအနှီး သက်သာတယ် ဆိုတာကို သူသိမြင်လာတာ ဖြစ်ပါတယ်။
ရိုးရိုးတံမြက်စည်းတွေရဲ့ အဖြစ်အများဆုံးပြဿနာက ကြာကြာမခံတာ ဖြစ်ပါတယ်။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တံမြက်စည်းတွေကတော့ ဘယ်လိုပဲ ခပ်ကြမ်းကြမ်းကိုင်သုံးသုံး ခံနိုင်ရည်ရှိတာကို သုံးစွဲသူတွေ သဘောကျကြတာပါ။
ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆူဝန်ခိုစယ်က “ဒီတံမြက်စည်းက တော်တော်ခိုင်တယ်။ တော်ရုံတန်ရုံနဲ့ မကျိုးနိုင်ဘူး။ တံမြက်စည်းရိုးဝါးတံမှာ ချည်ထားတဲ့ ပလတ်စတစ်စတွေကလည်း လွယ်လွယ်နဲ့ ကျွတ်မထွက်နိုင်ဘူး။ တကယ့် ဝါးတံမြက်စည်းအတိုင်းပဲ” လို့ မိန့်ပါတယ်။
ဟက်စ်ကာတို့အဖွဲ့ဟာ တရက်ကို တံမြက်စည်းအချောင်းရေ ၅၀၀ ထုတ်လုပ်ပြီး တချောင်းကို ကမ္ဘောဒီးယားငွေ ရီယယ် ၁၀,၀၀၀ နဲ့ ၁၅,၀၀၀ (၂ ဒေါ်လာခွဲဝန်းကျင်) ဈေးအသီးသီးနဲ့ ရောင်းချပါတယ်။ သူတို့တံမြက်စည်း ဝယ်ယူသူတွေ များလာပြီး ဈေးကွက်ကျယ်ပြန့်ပါတယ်။
ဖနွမ်းပင်မြို့နေ အသက် ၂၈ နှစ်အရွယ် စက်ပြင်ဆရာ ပရွမ်မ်ဆမ်ဘက်က “သူက ပလတ်စတစ်ဘူးခွံတွေကို တံမြက်စည်းလုပ်ဖို့ ပြန်သုံးဖို့ အကြံကောင်းရှိတယ်။ သူလုပ်ထားတဲ့ တံမြက်စည်းကို ပထမဆုံး မြင်ဖူးတာပါ။ ဒီမှာသုံးဖို့ ဝယ်တာကလည်း ဒါ ပထမဆုံးအကြိမ်ပါ။ အရမ်းသုံးလို့ကောင်းပါတယ်” လို့ ပြောပါတယ်။
လိုအပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ စွန့်ပစ်ပလတ်စတစ်ဘူးခွံတွေကို အမှိုက်ကောက်တဲ့သူတွေနဲ့ အမှိုက်ပုံတွေကနေ အမြဲမပြတ် ရနေမှာဖြစ်တာကြောင့် လုပ်ငန်းရေရှည်တည်မြဲနေမှာကို သူယုံကြည်တယ်လို့ စွန့်ဦးတီထွင်သူ အသေးစားလုပ်ငန်းရှင် ဟက်စ်ကာက ပြောပါတယ်။
“ကျနော်တို့ တံမြက်စည်းလုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ ပလတ်စတစ်ဘူးခွံဟောင်းတွေ အလုံအလောက် မရမှာကို လုံးဝမပူပါဘူး။ ကျနော်တို့နိုင်ငံမှာ ခရိုင် ၂၅ ခု ရှိပါတယ်။ ကမ္ဘောဒီးယားဟာ ကျယ်ဝန်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ တဖက်မှာလည်း ကျနော်တို့ ဘာတွေလုပ်နေတယ် ဆိုတာကို လူတွေသိစေချင်ပါတယ်။ လူတွေက အခု ကျနော်တို့ လုပ်နေသလိုမျိုး တံမြက်စည်းတွေ လုပ်တတ်မယ်ဆိုရင် ကျနော်ပျော်မှာပါ။ တံမြက်စည်း ဘယ်လိုလုပ်ရတယ်ဆိုတာ ဖုံးကွယ်ထားစရာ မရှိပါဘူး။”
သူ့လိုပဲ တခြား ပလတ်စတစ်တံမြက်စည်း ထုတ်လုပ်သူ အသစ်တွေလည်း ဈေးကွက်ထဲ ထပ်ပြီး ဝင်ရောက်လာဖို့အတွက် လမ်းဖွင့်ပေးချင်တဲ့စိတ်ဆန္ဒ ရှိနေပါတယ်။
Source/Photo-Reuters