Home
နိုင်ငံတကာ
ထရမ့်ပ်က အပြာမင်းသမီးကို နှုတ်ပိတ်ခပေးသည့်အမှု စစ်ဆေးရန် ဂျူရီလူကြီး ၁၂ ဦး ရွေးချယ်
DVB
·
April 19, 2024
Trump_19042024

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က အပြာမင်းသမီးကို နှုတ်ပိတ်ခပေးတဲ့ အမှုအတွက် နယူးယောက်မြို့မှာ ကြားနာစစ်ဆေးဖို့ ဂျူရီလူကြီး ၁၂ ဦးစလုံးကို ဧပြီ ၁၈ ရက်မှာ ရွေးချယ်ပြီးစီးခဲ့ပါတယ်။

အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၅ ဦးကို ရွေးချယ်ပြီးစီးကြောင်း တရားသူကြီး ဟွမ်မာချန်က ကြေညာပါတယ်။

ဂျူရီရွေးချယ်မှုဟာ ရက်သတ္တပတ်နဲ့ချီ ကြာမြင့်မယ်လို့ မှန်းထားပေမဲ့ လျင်လျင်မြန်မြန်ပဲ ပြီးစီးသွားခဲ့ပါတယ်။

ဘက်မလိုက်ဘဲ ဆုံးဖြတ်နိုင်တဲ့ ဂျူရီတွေကို ရွေးချယ်ရတာ ခက်ခဲတဲ့ကိစ္စဖြစ်ပြီး ၁၂ ဦးရဖို့ ရာနဲ့ချီတဲ့သူတွေထဲက ရွေးရတာဖြစ်သလို နှစ်ဖက်ရှေ့နေတွေက ကျေနပ်လက်ခံဖို့လည်း လိုပါတယ်။

လာမယ့် တနင်္လာနေ့မှာ အမှုအတွက် လျှောက်လဲချက်တွေ စတင်ကြားနာတော့မှာ ဖြစ်ပါတယ်။

ဒီအမှုဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် အမေရိကန်သမ္မတဟောင်းတယောက်ကို ပြစ်မှုကြောင်းအရ ရုံးတင်စစ်ဆေးမှု ဖြစ်လာမှာပါ။

၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ အပြာမင်းသမီးနဲ့ ထရမ့်ပ်နဲ့ ပတ်သက်ခဲ့တဲ့ကိစ္စတွေ ထုတ်ပြောမှာစိုးလို့ နှုတ်ပိတ်ခ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

နှုတ်ပိတ်ခလို့ အလွယ်ပြောပေမဲ့ ဖွင့်ဟထုတ်ဖော်ခြင်းမပြုကြောင်း သဘောတူတယ်ဆိုတဲ့ စာချုပ်မျိုးဟာ ပုံမှန်အားဖြင့်တော့ အမေရိကန်မှာ တရားဝင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြဿနာက သူ့ရှေ့နေက ဒေါ်လာ ၁၃၀,၀၀၀ ဒန်နီယယ်ကို ထုတ်ပေးခဲ့တာဖြစ်ပြီး ထရမ့်ပ်က သူ့ရှေ့နေကို တရားစရိတ်အဖြစ် ပြန်ထုတ်ပေးခဲ့တာကြောင့် ရာဇဝတ်မှုမြောက်တာ ဖြစ်တယ်လို့ မန်ဟက်တန်ခရိုင်ရှေ့နေရုံးက စွပ်စွဲထားတာ ဖြစ်ပါတယ်။

“ဒါ အင်မတန် မတရားတဲ့ကိစ္စပါ။ တော်ဆော်ဆိုးတဲ့ကိစ္စပါ။ ဒီလိမ်ဆင်ကြီးကို တကမ္ဘာလုံးက ကြည့်နေကြတယ်” လို့ တရားရုံးကအထွက်မှာ ထရမ့်ပ်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013