ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တင်သွင်းခွင့်လိုင်စင် ရရှိပြီးသား ကုန်သည်တွေရဲ့ စက်ယန္တရားတွေ နီးစပ်တဲ့ နယ်စပ်ဂိတ်ကနေ တင်သွင်းခွင့်မရဘဲ ရှမ်းအရှေ့ တာချီလိတ် ဝမ်ပုံဘက်ကနေသာ တင်သွင်းခွင့်ပြုတာကြောင့် ယာဉ်တွေစုပြုံကာ ကြန့်ကြာခက်ခဲနေကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“တခြားဂိတ်ပေါက်ကနေ တင်သွင်းဖို့ ဆိုပြီးတော့ တခြားသွားတင်ရင် ပယ်ချတယ်။ ခွင့်မပြုဘူးပေါ့။ သွင်းချင်ရင် အဲဒီ ဝမ်ပုံ တာချီလိတ်ကပဲသွင်း ဆိုပြီးတော့ လုပ်ငန်းရှင်အားလုံးကို တာချီလိတ်အပေါက်ကိုပဲ ချပေးတယ်” လို့ နယ်စပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပိုနီးတဲ့ ကံပိုင်တည် နယ်စပ်ဂိတ်ပေါက်ဘက်ကိုတော့ ခရိုနီကုမ္ပဏီဖြစ်တဲ့ ပြည့်စုံဝင်းအောင် ဆိုတဲ့ ကုမ္ပဏီ တခုတည်းသာ တင်သွင်းခွင့်လိုင်စင် ရတယ်လို့ သူကပြောပါတယ်။
“ယာဉ်၊ ယန္တရား လုပ်ငန်းရှင်များအသင်းက မူဆယ်နယ်စပ်ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ယာဉ်၊ ယန္တရားတွေ တင်သွင်းဖို့ လိုင်စင်လျှောက်ထားတာ ရှိတယ်။ အဲဒီလိုင်စင်တွေက နယ်စပ်ဂိတ်ကို လက်နက်ကိုင်အဖွဲ့တွေ သိမ်းသွားတော့ သွင်းလို့ မရတော့ဘူး” လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ လိုင်စင်ကျထားတဲ့ ယာဉ်၊ ယန္တရားတွေကို မြန်မာနိုင်ငံရဲ့ ကြိုက်တဲ့ နယ်စပ်ဂိတ်ပေါက်ကနေ သွင်းလို့ရတယ်ဆိုပြီး စီးပွားကူးသန်းကနေ စာထုတ်ထားတာရှိပေမဲ့ တကယ်တမ်း နယ်စပ်ဂိတ်ပေါက် ပြောင်းလဲတင်သွင်းဖို့ သွားပြီးတော့ စာတင်တဲ့အချိန်မှာ ဘယ်ဂိတ်အပေါက်ကိုမှ မပေးဘဲနဲ့ တာချီလိတ် ဂိတ်ပေါက်တခုပဲ ပေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တရုတ်-မြန်မာ ကုန်တင်လေကြောင်း စတင်ပြေးဆွဲနေပြီဖြစ်ပေမဲ့ သာမန်ပြည်သူ လုပ်ငန်းရှင်တွေအနေနဲ့ လိုင်စင်မရနိုင်ဘဲ စစ်ကောင်စီနဲ့ နီးစပ် ဆက်နွှယ်နေသူတွေသာ လေကြောင်းနဲ့ ကုန်သွယ်ခွင့်ရတယ်လို့ သူကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကုန်သွယ်ရေးလမ်းကြောင်း ၂ ခုက ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်ကားတွေ အားလုံးနီးပါးဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဂိတ်ပေါက်တွေဘက် ပြောင်းလဲ ကုန်သွယ်လာကြရတာကြောင့် ပို့ကုန်၊ သွင်းကုန်ကားတွေ စုပြုံရောက်ရှိလာပြီး လမ်းပိတ်ဆို့ ကြန့်ကြာမှုဖြစ်ကာ နယ်စပ်ကုန်သည်လုပ်ငန်းရှင် ယာဉ်ပိုင်ရှင် ယာဉ်မောင်းတွေ အခက်ကြုံနေကြရတယ်လို့ နယ်စပ်လုပ်ငန်းကို မှီခိုနေကြရသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ အဓိကကုန်သွယ်ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။