Home
မြန်မာသတင်း
ဒုချုပ်စိုးဝင်း နေပြည်တော်စစ်ဆေးရုံမှ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေဟု သတင်းထွက်ပေါ်
DVB
·
April 19, 2024
SoeWin_19042024

လူမြင်ကွင်းကနေ သီတင်း ၂ ပတ်နီးပါးကြာ ပျောက်ကွယ်နေတဲ့ ဒုစစ်ခေါင်းဆောင်  ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း Drop ဗုံး ထိမှန်ပြီးနောက် နေပြည်တော်စစ်ဆေးရုံကနေ တခြားဆေးရုံတခုမှာ ပြောင်းရွှေ့ ဆေးကုသမှု ဆက်လက်ခံယူနေရတယ်လို့ စစ်တပ်တွင်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဧပြီ ၉ ရက်က စစ်ဆင်ရေးအတွက် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ကာ ကစထမှူး ၄ နဲ့ တိုင်းမှူးတွေ၊ တပ်မမှူးတွေ စုပေါင်းကာ အစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့ပစ်ခတ်ခံရတာလို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အဲ့နေ့က ဒုချုပ်က ကစထ ၄ မှူးရယ်၊ ရတခတိုင်းမှူးရယ်၊ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၅၅ နဲ့ လက်ရုံးတပ်တွေ စစ်ဆင်ရေးအတွက် အစည်းအဝေးလုပ်နေတဲ့အချိန် ဒရုန်းနဲ့ပစ်ခံရတာ။ ထိတာက ဒုချုပ်ရယ်၊ ရတခတိုင်းမှူးရယ် ထိတာ။ ဒဏ်ရာအရမ်းများတယ်ကြားတယ်။”

အဲ့နေ့ညက အစည်းအဝေးကို ကစထမှူး ၄ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ရတခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီးတိုးဝင်း၊ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီးကိုကို၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးကြီးအောင်စိုးမင်းနဲ့ လက်ရုံးတပ်တွေတက်ခဲ့ပြီး စစ်ဆင်ရေးအမည်ကို အောင်ဇေယျလို့ အမည်ပေးခဲ့တယ်လို့ ရတခတိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒုချုပ်စိုးဝင်းနဲ့ အပေါင်းပါတွေ အစည်းအဝေးလုပ်ဖို့ ရတခတပ်ဝင်းအတွင်း ရောက်ရှိနေချိန် ရှားထူးဝေါ် နည်းပညာတပ်ဖွဲ့ လက်အောက်ရှိ Alpha Bats Drone Force အဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒရုန်းနဲ့ ပစ်ခတ်ခံရပြီးနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ ဒုချုပ်ကို လေယာဥ်နဲ့ ခေါ်လာပြီး နေပြည်တော်စစ်ဆေးရုံကို ကနဦးပို့ဆောင်ကာ ဧပြီ ၁၁ ရက်မှာ တခြားဆေးရုံတခုကို ပို့ဆောင်လိုက်တယ်လို့ မင်္ဂလာဒုံတပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘယ်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေသလဲ ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ထဲမှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အားကိုးနေကြတဲ့ ဗိုလ်ချုပ်တွေ တပ်မှူးတွေဟာ ဒုချုပ် ပျောက်နေတဲ့ကိစ္စ မေးမြန်းနေကြပေမဲ့ တိကျတဲ့အဖြေ မရဘူးလို့ နေပြည်တော်တပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တခြားအကြီးအကဲတွေ မေးတော့ မြဝတီကိစ္စကို ဦးဆောင်ကိုင်တွယ်နေတယ်လို့ ပြောတယ်။ သင်္ကြန်မှာ ကက(ကြည်း) မဏ္ဍပ်ကို နှစ်တိုင်းလာနေကျ။ ဒီနှစ် ညှိကွပ်ဗိုလ်ချုပ်ကြီး မောင်မောင်အေး လူစားလာတယ်။ ဒဏ်ရာရလို့ ဆေးရုံတက်နေတာကို ပြောလိုက်ရင် အရှက်ကွဲမှာ စိုးလို့ထင်တယ်။”

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက အမှားတွေသာဖြစ်ပြီး ဒုဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျန်းမာစွာနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ VOA ကို ဖြေဆိုထားပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေ၊ လှုပ်ရှားမှုတွေကို ပုံမှန်အရ စစ်ကောင်စီ မီဒီယာတွေမှာ ဖော်ပြလေ့ရှိပေမဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှု မတိုင်ခင်ကတည်းက ဒုချုပ် စိုးဝင်းရဲ့ သတင်းတွေ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၃ ရက်က ဗထူးမြို့မှာ ကျင်းပခဲ့တဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၇ သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့တဲ့သတင်းဟာ ဒုချုပ်စိုးဝင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မီဒီယာတွေမှာ နောက်ဆုံးဖော်ပြခဲ့တဲ့သတင်း ဖြစ်ပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဧပြီ ၉ ရက် Drop ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့နေ့ကစပြီး ဧပြီ ၁၉ ရက်အထိ ရေတွက်ရင်တော့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းကနေ ပျောက်နေတာ ၁၁ ရက်တိုင် ရှိနေပေမဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဒီနေ့အထိ တစုံတရာ ဖော်ပြတာ မရှိသေးပါဘူး။

လတ်တလော တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ဒုကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာလည်း ပြင်ဦးလွင်မြို့ကို သွားရောက်နေချိန် DSA စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် သင်္ကြန်ရက်တွေအတွင်း မဏ္ဍပ်တွေကို မသွားနိုင်တော့ဘဲ ဇနီးဖြစ်သူကိုသာ စေလွှတ်ခဲ့ပါတယ်။

Photo-DSINFO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013