စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ် ရာပေါင်းများစွာ ကရင်ပြည်နယ်ဘက် ထွက်ပြေး တိမ်းရှောင်နေပြီး စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကြာအင်းဆိပ်ကြီးနယ်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်တွေမှာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရောက်ရှိခိုလှုံလာတဲ့ လူငယ်လူရွယ် အများအပြားရှိနေပြီး သူတို့အတွက် နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က တောတွင်းတနေရာမှာ လူငယ်ရာနဲ့ချီပြီး ရောက်ရှိ ခိုလှုံနေကြပါတယ်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တာလူဖထောကျေးရွာကနေ ကြာအင်းဆိပ်ကြီးအထိ ထွက်ပြေးလာတဲ့ ကရင်လူငယ် စောပေါ့လ်က “ကျနော်တို့ ထွက်လာရတဲ့ အကြောင်းအရင်းက အဓိက စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆို သူတို့ကခေါ်တယ်၊ ခေါ်လို့မှမရရင် အိမ်အထိ လိုက်လာပြီးတော့ ဖမ်းခေါ်သွားတယ်။ ကျနော့်သူငယ်ချင်း အိမ်ဘေးနားကဆိုတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေတာဆိုတော့ သူတို့လည်း ကြောက်ပြီး ထွက်လာတာရှိတယ်။ တချို့ကတော့ သူတို့မိဘတွေပို့လို့ ထွက်လာရတာရှိတယ်။ ကျနော်တို့ ဘယ်လိုဆက်သွားမလဲဆိုတော့ အစီအစဉ် အတိအကျ မရှိဘူး။ ဒါပေမဲ့ အများစုကတော့ ထိုင်းမှာ အလုပ်သွားလုပ်ချင်ကြတယ်” လို့ ပြောပါတယ်။
ရွာကနေ အသက် ၁၉ နှစ်နဲ့ ၃၂ နှစ်ကြား လူငယ် ၁၀ ကျော် အတူထွက်လာခဲ့ကြတာဖြစ်ပြီး လမ်းတလျှောက် စစ်ကောင်စီဂိတ်တွေမှာ စစ်ဆေးရိုက်နှက်ခံရတာနဲ့ ငွေကြေးတောင်းခံရတာတွေ ကြုံတွေ့ခဲ့ရကြောင်းလည်း ပေါ့လ်က ပြောပြပါတယ်။
“ကျနော်တို့ ထွက်လာတုန်းကတော့ ကျနော်တို့ရွာက လူ ၁၀ ယောက်ကျော်လောက် ရှိမယ်။ လမ်းမှာလည်း အစစ်အဆေးတွေ တအားများတယ်။ ခေါင်းတွေ သေနတ်တဲ့ချိန်ခံရတာ၊ ပြီးရင် ရိုက်နှက်ခံရတာရှိတယ်။ ကျနော်တို့ လမ်းမှာဆိုရင် အကြာကြီး အစစ်အဆေးတွေ ခံရတယ်။ ဒါပေမဲ့ ဒီဘက်ရောက်လာတော့ စုပြီးနေကြတယ် ကျနော်တို့သူငယ်ချင်းတွေ၊ ဘာဆက်လုပ်မယ်ဆိုတာ အစီအစဉ် အတိအကျမရှိဘူး။”
လတ်တလောမှာ ဒေသခံရွာက ပီလောပီနံ စိုက်ပျိုးကြတဲ့အတွက် အဲဒီစိုက်ပျိုးခြံတွေမှာ ကူညီရင်း စားဝတ်နေရေး ဖြေရှင်းရသလို အခုရောက်ရှိတဲ့ နေရာကလည်း လုံခြုံတဲ့နေရာ မဟုတ်သေးဘဲ နေ့စဉ်နဲ့အမျှ စစ်ကောင်စီရဲ့ လေယာဉ်တွေ ကင်းထောက်ပျံဝဲတာတွေရှိလို့ လေယာဉ်တွေနဲ့ ဗုံးကြဲခံရမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“လုံခြုံတဲ့နေရာတော့ ကျနော်တို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့တဲမှာ လေယာဉ်ပျံတွေ တအားဝဲတယ်။ ကပ်ကပ်လေးနဲ့ပျံဝဲတာ ညဘက်ကို တအားကြောက်ဖို့ ကောင်းတယ်။ လေယာဉ်သံကြားရင် တအားတုန်လှုပ်တယ်။ ပြီးတော့ စားဝတ်နေရေးက အခက်အခဲ တော်တော်လေးရှိတယ်။ အခု ကျနော်တို့ အဲမှာ ရာကျော်နေပြီ၊ တချို့ သူငယ်ချင်း မိဘတွေလည်း ပါလာတယ်။ ဘိုးဘွားတွေ၊ မိသားစုလည်း ပါလာတယ်။ လာဖို့ လမ်းမှာ ရှိနေတဲ့သူလည်း ရှိတယ်။”
ရောက်ရှိခိုလှုံနေတဲ့နေရာမှာ တချို့ဒေသခံ အလှူရှင်တွေက အစားအသောက်တချို့ ကူညီတာတွေရှိပေမဲ့ နေထိုင်ဖို့ အမိုးအကာနဲ့ အဝတ်အစားတွေပါ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခု သူရောက်ရှိခိုလှုံတဲ့နေရာတွေမှာ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ အစရှိတဲ့ မြို့နယ်တွေဘက်က လူငယ်တွေ လာရောက်ခိုလှုံကြသလို ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ကျေးလက်ဒေသက လူငယ်တွေလည်း အတော်လေး ရောက်လာကြကြောင်း ပြောပါတယ်။
အခုရောက်ရှိလာသူ အများစုဟာ အထက်တန်းကျောင်းတက်ပြီး မိဘတွေကို လယ်လုပ်ကူသူတွေ ဖြစ်ကြပြီး အများစုက တောင်သူမိသားစုက လူငယ်တွေ ဖြစ်ကြကြောင်းလည်း ပြောပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဘုရားသုံးဆူမြို့နယ်ဒေသခံ ကိုကျော်ကျော်က “သူတို့ အရမ်းဒုက္ခရောက်တာ ကျနော်တွေ့ခဲ့ရတယ်၊ ကျနော့်မျက်မြင်ပေါ့။ သူတို့ နေဖို့ထိုင်ဖို့၊ ကျန်းမာရေးကအစ တော်တော်ဒုက္ခရောက်တယ်။ တချို့ကလေးတွေ ဖျားနာနေတယ်။ ဆေးကုဖို့ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ ကျနော် အရမ်းကို စိတ်မကောင်းဘူး။ ဒါကြောင့် ကျနော်က ကူညီနိုင်မယ့်သူတွေကို လိုက်ရှာပေါ့။ တကယ်ဒုက္ခရောက်နေတဲ့သူတွေကို ကူညီစေချင်တယ်” လို့ ပြောပါတယ်။
အခုလို ထွက်ပြေးလာပြီး အခက်အခဲတွေ့နေတဲ့သူတွေကို ကူညီပေးနေတဲ့ ခရစ်ယာန်ဓမ္မဆရာ စောထွေချစ်ကတော့ “အခု အများအားဖြင့် ဧရာဝတီတိုင်းက တက်လာတဲ့သူတွေ များတယ်။ ပြီးတော့ ပဲခူးတို့၊ တချို့ဆိုရင် တောင်ငူ၊ သံတောင်တို့လည်း တက်လာတဲ့သူတွေရှိတယ်။ အများအားဖြင့် ဧရာဝတီပေါ့။ အခု သူတို့ ကြိမ်ချောင်းဆိုတဲ့ ကျေးရွာနားတဝိုက်၊ အမှန်တော့ ကြာအင်းဆိပ်ကြီးမြို့နယ် နေရာအနှံ့ကို ရှိပါတယ်။ ကျနော်တို့ ကြိမ်ချောင်းရွာတဝိုက် တော်တော်လေးရှိပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဘက်လာတဲ့သူဆိုရင် ရွာတည်ရင် တရွာတောင် ရှိမလားမသိဘူး။ ဆိုတော့ သူတို့လိုအပ်တာ နေဖို့ထိုင်ဖို့ ရွက်ဖျင်တဲတွေရော၊ စားဖို့သောက်ဖို့ရော တချို့ဆိုရင် အဝတ်အစားတောင် မပါလာဘူး။ ကျနော်သွားကြည့်တာ စိတ်တောင်မကောင်းဘူး။ ဘယ်ပဲဖြစ်ဖြစ် ကျနော်တို့ အတတ်နိုင်ဆုံး ကူညီပေးတယ်။ ရရင်ရသလောက် ကျနော်တို့ အတတ်နိုင်ဆုံး ကူညီပေးပါတယ်” လို့ ပြောပါတယ်။
ထွက်ပြေးလာတဲ့ လူငယ်တချို့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်တာရှိသလို စစ်သားမလုပ်ချင်တဲ့သူတွေက အခုလို အပြင်မှာပဲ တဲထိုးနေထိုင်ကြတာလို့ လူငယ်တွေကို ကူညီပေးသူတဦးဖြစ်တဲ့ ဦးဖိုးထောင်က ပြောပါတယ်။
“သူတို့က သင်တန်းမတက်ဘဲ အပြင်မှာပဲ ဒီတိုင်းနေမယ်ဆိုတဲ့ အဖွဲ့ပေါ့။ စစ်ထဲဝင်ချင်တဲ့ အဖွဲ့ကတော့ သူ့ဆန္ဒနဲ့သူ ဝင်ချင်တဲ့အဖွဲ့က သတ်သတ်ရှိတယ်။ အဲဒါတွေက တယောက်ချင်း ပြေးလာတာ။ မိသားစုတွေနဲ့ကကျတော့ ပီလောလေးစိုက်မယ်၊ ရော်ဘာခြစ်မယ် အဲလို အလုပ်တွေရှာ၊ ရတာလုပ်ကြတာ။ သူတို့လည်း တော်တော်ဒုက္ခရောက်တာ။”
အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာပြီးတဲ့နောက် စစ်မှုမထမ်းချင်တဲ့ လူငယ်တွေဟာ ထိုင်းပြည်ကို စွန့်ခွာကြသလို နီးစပ်ရာ နယ်စပ်ဒေသ၊ သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေဆီ သွားရောက်တာတွေလည်း ရှိနေပါတယ်။
စစ်မှုမထမ်းမနေရဥပဒေ စတင်သက်ဝင်ကျင့်သုံးပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ထံကို ဆက်သွယ်လာတဲ့သူ ဦးရေ ၂၆,၀၀၀ ကျော်ရှိပြီး အများစုက လက်နက်ကိုင် တိုက်ပွဲဝင်ချင်တဲ့သူတွေ များတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က DVB ကို ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်တွေက ပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထွက်ခွာနေကြသလို ၂၆,၀၀၀ ကျော်ကတော့ ပြည်သူ့ရင်ခွင်အဖွဲ့ထံကို ဆက်သွယ်လာခဲ့ကြပါတယ်။
ဒီအထဲက ၇၅ ရာခိုင်နှုန်းကျော်က တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်ပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်ချင်တယ်လို့ ပြောဆိုကြကာ ကျန် ၂၅ ရာခိုင်နှုန်းကတော့ စစ်မှုထမ်းဆောင်လိုခြင်းမရှိဘဲ လွတ်မြောက်နယ်မြေတခုမှာ ခိုလှုံချင်တဲ့ ဆန္ဒရှိကြတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူ ကိုလင်းထက်အောင်က DVB ကို ပြောပါတယ်။