Home
မြန်မာသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီး
DVB
·
April 18, 2024
kalamsamson1_18042024
kalamsamson_18042024

လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက်မှာ လွတ်မြောက်လာခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့အသိုက်အဝန်းဆီက သိရပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက် နေ့ခင်း ၁ နာရီလောက်က လွတ်မြောက်ခဲ့တဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ဒီနေ့မနက်အစောပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

မိသားစုနဲ့ နီးစပ်သူတဦးက “စစ်သားအယောက် ၃၀ လောက် အရင်ရောက်လာတယ်။ လုံခြုံရေးအရလို့တော့ ပြောတာပဲ။ ည ၁၂ လောက်ကျတော့ စစ်သား ၅၀ လောက် ထပ်ရောက်လာတယ်။ မနက် ၂ နာရီလောက်ကျတော့ ပြန်ခေါ်သွားတာ။ မေးစရာရှိလို့ မနက်ပြန်ပို့မယ်ဆိုပြီး ခေါ်သွားတာ” လို့ ပြောပါတယ်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ဘာကြောင့် ပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ထောင်ထဲမှာ ၁ နှစ်ကျော် ဖမ်းဆီးထောင်ချခံရပြီးနောက် မနေ့ကပဲ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ စစ်တပ်က ညတွင်းချင်းပဲ နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ်တရားစီရင်ချိန်မှာ ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးကနေ အယူခံပယ်ချခံရပြီးတဲ့နောက် ပြည်နယ်မှာပါ အယူခံပယ်ချခံလိုက်ရတာပါ။

အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ချလိုက်တာပါ။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့သွားတဲ့အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇ (၁)  နဲ့ တရားစွဲခဲ့တာပါ။ 

၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာပါ။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို သွားရောက်ဆေးကုဖို့ မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013