Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေး
DVB
·
April 18, 2024
border-india_and_bangladesh_18042024

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထပ်မံ ထွက်ပြေးလာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။

လတ်တလော ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၆ ယောက်နဲ့ဆိုရင် စုစုပေါင်းတပ်ဖွဲ့ဝင် အယောက် ၂၆၀ အထိ တိုးလာပြီဖြစ်တယ်လို့  ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ နယ်ခြားစောင့် ရဲ၊ စစ်သား၊ အကောက်ခွန် အရာရှိတွေ၊ အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်အယောက် ၃၃၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က နေရပ်ပြန်လည် ပို့ဆောင်ပေးခဲ့ပြီးနောက် ဒုတိယအဆင့်အနေနဲ့ ပြန်လည်ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန် မာမွတ်ဒ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ကျန်ရှိနေတဲ့ မြန်မာစစ်ကောင်စီတပ်တွေကို ပြန်ပို့ဖို့ အစိုးရက လုပ်ဆောင်နေတယ်လို့ မြို့တော် ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ရေလမ်းကြောင်းကတဆင့် ပြန်လည်ပို့ဆောင်ပေးဖို့ မြန်မာနိုင်ငံဘက်က အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ထဲကို အခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက စတင်ပြီးတော့ ထွက်ပြေးလာနေခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါးကို လက်ခံခိုလှုံခွင့် ပေးထားတာပါ။

လတ်တလောမှာတော့ နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို လက်နက်ကြီးနဲ့ ကျည်တွေ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ထိခိုက်တာမျိုးတွေ ရှိခဲ့သလို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ ဖြန့်ကြက်တပ်စွဲထားဖို့ တပ်လှန့် ထားပါတယ်။

Representational image. Photo: Collected

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013