စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့မှာ ဧပြီ ၁၂ ရက် ညနေပိုင်းက တော်လှန်ရေးအဖွဲ့များက မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးနေချိန် အရပ်သားတယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ညနေ ၅ နာရီလောက်ကတည်းက ကသာမြို့ လျှပ်စစ်ရုံးဝင်း အပါအဝင် ဆေးရုံအနီးက ရဲမင်းကြီးအိမ်ဝင်းအတွင်း ရုံးကြီးရှေ့ ရပ်ကွက် ၄၊ ရပ်ကွက် ၅ အဝင်လမ်းတွေကို စစ်ကောင်စီက ယာယီပိတ်ပြီး ရှာဖွေနေချိန် ညနေ ၆ နာရီ ခွဲလောက်က ရပ်ကွက် ၉ မှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့တယ်လို့ဆိုပါတယ်။
မျက်မြင်တယောက်က “တန်ဖိုးနည်းအိမ်ရာဘက်က စစ်သားတွေနဲ့ တွေ့တယ်နေမှာ။ ကြောက်လန့်ပြီး သွေးရူးသွေးတန်းနဲ့ ပြေးလာတာ။ ဘုရားကျောင်းလမ်းကြားထဲ ချိုးလိုက်တော့ လိုက်တဲ့စစ်သားက ပစ်လိုက်တာ။ စစ်သားကတော့ မပြေးနဲ့လို့တော့ အော်တာပဲ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသားဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး တန်ဖိုးနည်းအိမ်ရာ တောရကျောင်းလမ်းနဲ့ မီးသတ်ဘက်မှာလည်း ကင်းပုန်းဝပ် စစ်ဆေးနေတာကိုမသိဘဲ ပြန်လာတဲ့ ပလုံ(အမှိုက်) ကောက်သူတွေဖြစ်ပြီး တယောက်ကတော့ ပေါင်မှာထိပြီး ကျန်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သေသွားတာဆိုတော့ ထားခဲ့ပြီး ညဘက်မှ နာရေးကူညီမှုကားတွေ၊ ရဲတွေ စစ်သားတွေ လာသယ်သွားကြတာ။ ပတ်ဝန်းကျင်က လူတွေတော့ ထွက်မကြည့်ရဲကြတော့ မီးလည်း ပျက်တာနဲ့ ဘာမှ ဆက်မသိကြတော့ဘူး” လို့ ပြောပါတယ်။
သင်္ကြန်တွင်းမှာ လုံခြုံရေးတွေ တင်းကြပ်ဖို့ စစ်ကောင်စီဘ မြို့ဝင်ဂိတ်အပါအဝင် အင်အားတိုး ပိုက်စိပ်တိုက်စစ်ဆေးတာ စလုပ်တဲ့ ညနေမှာပဲ ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးလည်း တင်းကျပ်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာလည်း ဇေယျာချောင်ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး အိပ်နေတဲ့ မြေးအဘွား ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။