မွန်ပြည်နယ်၊ ပေါင်မြို့နယ်က မွန်ညီညွတ်ရေးပါတီ(MUP)ဥက္ကဋ္ဌ ဒီနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပါတီဥက္ကဋ္ဌ နိုင်ဘလောက်ဟာ ဧပြီ ၁၃ ရက်နေ့ မနက် ၆ နာရီလောက်မှာ သဗြုချောင်ကျေးရွာက သူ့ရဲ့နေအိမ်မှာ သေနတ်သမားတွေ လာရောက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲသေဆုံးခဲ့ပါတယ်။
ပေါင်မြို့ခံတယောက်က “နေအိမ်မှာရှိနေတဲ့အချိန် သေနတ်သမားကလာပစ်သွားတာ။ ဗိုက်ကိုပဲ ၃၊ ၄ ချက်လောက်ပစ်ခံရပြီး နေရာမှာပဲသေသွားတာ။ လာပစ်သွားတာ ဆိုင်ကယ်နဲ့လို့ပြောပေမယ့် ဘယ်နှစ်ယောက်လာပစ်သွားတာ သေချာမသိဘူး။ သူ့ကို ဘာတွေ လုပ်လို့ပစ်သွားတာလဲတော့ မသိဘူး။ သူ့သားကတော့ အဲရွာအုပ်ကြီး၊ ဆိုးတယ်” လို့ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ပေါင်မြို့နယ်၊ မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်ဘလောက်ကို ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် အခုလို ပစ်ခတ်တယ်ဆိုတာ အတိကျမသိရသေးသလို ဘယ်အဖွဲ့စည်းကမှလည်း သတင်းမထုတ်ပြန်ထားပါဘူး။
ပြီခဲ့တဲ့ ၂၀၂၃ ဩဂုတ်လကလည်း နိုင်ဘလောက်ရဲ့သား သဗြုချောင်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်းကို ရင်းငြိမ်ဘောလုံးကွင်းရှေ့မှာ သေနတ်သမားတွေက လုပ်ကြံ ပစ်ခတ်ခဲ့ပေမယ့် လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။