မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်က မိုင်းစထိမှန်ပြီး မျက်စိ ဆုံးရှုံးခဲ့တဲ့ ကာကွယ်ရေး ရဲဘော်အတွက် ဆေးဝါးကုသစရိတ်တွေ လိုအပ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေး အင်အားစု စေတုတ္တရာအဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ စေတုတ္တရာမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာကနေ မိုင်းမတော်တဆမှုကြောင့် ရဲဘော် ၂ ယောက် ထိမှန်ခဲ့ပြီး ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တပ်စိတ်မှုးတာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော်ရာဇာလီလီရဲ့ မျက်စိ ၁ ဖက် ဆုံးရှုံးခဲ့ပြီး ၂ ဖက်လုံး အမြင်အာရုံချို့ယွင်းခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေး အင်အားစု စေတုတ္တရာအဖွဲ့ တာဝန်ခံက “မျက်စိတလုံးကတော့ ထုတ်ပစ်လိုက်ရတယ်ပေါ့။ နောက်တဖက်ကလည်း ထပ်ပြီးခွဲစိတ်ရဦးမယ်။ ၂ ဖက်စလုံးတော့ မမြင်ရတော့ဘူး။ မိုင်းစတွေဘာတွေ ထပ်ထွက်လာတော့ ခွဲစိတ်မှု ထပ်လုပ်ရဦးမယ်။ ကျနော်တို့ကလည်း သူ့ဘဝရပ်တည်ရေးအတွက် မျက်မမြင်ကျောင်းထားမလို့ စီစဉ်ထားတော့ ကျောင်းစရိတ်တွေ ဆေးကုသစရိတ်တွေ လိုအပ်နေပါတယ်။ စဖြစ်ကတည်းကနေ အခုအထိ ခရီးစရိတ်တွေ၊ ဆေးကုစရိတ်၊ လူနာစောင့်ရဲဘော်တွေရဲ့ နေထိုင်စရိတ်တွေနဲ့ဆို သိန်း ၂၀၀ ကျော်လောက် ကုန်သွားပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရရဲဘော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ဆေးဝါးကုသမှုခံယူနေပြီး မျက်မမြင်ကျောင်းထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။