Home
မြန်မာသတင်း
ပုသိမ်အကျဉ်းထောင်တွင် ထောင်ဝင်စာပို့ခွင့်ရရန် ငွေပေးနေရ
DVB
·
April 13, 2024
peth 1342024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်စ္စည်းပေးပို့ရာမှာ ထောင်အာဏာပိုင်တွေက ငွေညှစ်နေပြီး ငွေပေးမှ ပစ္စည်းတွေလက်ခံတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဲ့ အကျဉ်းထောင်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်က အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို မိသားစုတွေက အစားအသောက်တွေ အပါအဝင် ထောင်ဝင်စာပါဆယ်ပစ္စည်းတွေပေးပို့ရာမှာ ငွေညှစ်နေပြီး ငွေကျပ် ၅၀,၀၀၀ အထိပေးမှ ပါဆယ်ပစ္စည်းတွေကို လက်ခံတယ်လို့ ဆိုပါတယ်။ 

ပုသိမ်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးကျဉ်းသား မိသားစုဝင်တယောက်က “စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်တွေရဲ့ဒဏ်ကို အမျိုးမျိုးကို ခံနေရတာ။ ငွေမပေးရင်ဘာပစ္စည်းမှကို ပို့မရတာ၊ လက်ခံကို မခံတာ။ မပို့ရတာ ၃ ပတ်လောက်ရှိနေပြီမို့ အခုလ ၈ ရက်က ပါဆယ်ပစ္စည်းသွားပို့တာ။ ဒါဆို ဘယ်လောက်ပေးရမလဲပေါ့။ ၅၀,၀၀၀ လို့ ပြောတာ။ အရင်ကတော့ မေပးရပါဘူး” လို့ ပြောပါတယ်။ 

စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ထောင်ဝန်ထမ်းတွေက ထောင်ဝင်စာပါဆယ်ပစ္စည်း လာပို့သူတွေ၊ ထောင်ဝင်စာလာတွေ့သူတွေဆီကနေ အဆမတန်ငွေညှစ်နေတာကြောင့် အခက်အခဲ တွေ အများကြီး ကြုံနေရပြီး ငွေကြေးနွမ်းပါးတဲ့ အကျဉ်းကျမိသားစုတွေ ပိုမိုအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။ 

ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ငပုတောမြို့နယ်က အကျဉ်းသားတယောက်ရဲ့ မိသားစုဝင်က “ငွေတောင်းတဲ့သူက သပ်သပ် ရှိနေတာ။ ကိုယ်လည်းအံ့သြတာပေါ့။ အရင်က ကိုယ်စေတနာရှိရင်တော့ လက်ဖက်ရည်ဖိုးလေး ဘာလေးပေးတာရှိပါတယ်။ အထဲမှာရှိနေတဲ့ ကိုယ့်သားလေး အစစအဆင်ပြေစေဖို့ပေါ့။ အခုက ငွေပမာဏကိုသတ်မှတ်ပြီးတော့  ပေါ်တင်ပြော တောင်းတာ။ မပေးရင်လာပို့တဲ့ ပစ္စည်းပြန်ယူသွားတဲ့။ တခါလာဖို့ မလွယ်ဘူးလေ။ ဈေးဝယ်ဖို့ထည့်လာတဲ့ ပိုက်ဆံလေးပေးခဲ့ရ တာ” လို့ ပြောပါတယ်။

ပုသိမ် အကျဉ်းထောင်မှာ ထောင်ဝင်စာပါဆယ်ပစ္စည်းလာပို့သူတွေကို ၁ ယောက် တည်းသာလာဖို့၊ နိုင်ငံသားစိစစ်ရေးကတ်တွေေ၊ သန်းခေါင်စာရင်းတွေ၊ ရဲစခန်း ထောက်ခံစာတွေပါ ယူလာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

Photo - Myo Ko

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013