Home
မြန်မာသတင်း
မြန်မာပြည်သူများ မျှော်လင့်ချက်အသစ်များ ဆောင်ကြဉ်းလာပါစေကြောင်း အမေရိကန်ဝန်ကြီး သင်္ကြန်ဆုတောင်း 
DVB
·
April 13, 2024
blin 1342024

မြန်မာနိုင်ငံမှာ လက်ရှိ ပဋိပက္ခနဲ့ ကြုံတွေ့နေကြရပေမဲ့ အဟောင်းမှအသစ်သို့ ကူးပြောင်းခြင်းဆိုတဲ့  သင်္ကြန်အခါသမယဟာ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်အသစ်တွေ ဆောင်ကြဉ်းလာပါစေကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆုတောင်းပြောကြားလိုက်ပါတယ်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိပါကြောင်း  ဧပြီ ၁၁မှာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အမေရိကန်ပြည်ထောင်စုကိုယ်စား ကြေညာချက်ထုတ်ပြန်  ပြောကြားလိုက်တာပါ။

ဝန်ကြီးဘလင်ကန်က“သင်္ကြန်ဟာနှစ်ဟောင်းကို ပြန်ပြောင်းဆင်ခြင်တဲ့ အခါသမယဖြစ်သကဲ့လို နှစ်သစ်ကို မှန်းမျှော်ကြည့်ဖို့ အခွင့်အခါလည်းဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းမှာ မြန်မာနိုင်ငံဟာ ကံအကြောင်းမလှစွာ  အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးဖိနှိပ်ချုပ်ခြယ်မှုတွေ ဆက်လက်ကြုံတွေ့နေခဲ့ရတယ်။ စစ်မှုထမ်းဥပဒကို အသက်သွင်းဖို့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်က မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ စိုးရိမ်သောကတွေနဲ့  အခက်အခဲတွေကို ပိုမိုကြီးထွားစေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အကျပ်အတည်းကို အဆုံးသတ်ဖို့ ကြိုးစားနေသူတွေနဲ့ မြန်မာနိုင်ငံရဲ့ အများပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းနေသူတွေကို ဆက်လက် အားပေးထောက်ခံသွားမှာဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေကို နှိပ်စက်ကလူပြုမှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေအတွက် သံန္နိဋ္ဌာန် ထားပြီးလုပ်ဆောင် သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) ယာယီသမ္မတအပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့နဲ့လည်း မကြာသေးခင်ကမှ ဆွေးနွေးခဲ့ပါတယ်။ 

photo-Antony Blinken facebook

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013