Home
မြန်မာသတင်း
ဖားကန့်၊ ဆယ်ဇင်းရွာက စစ်ရှောင်အချို့ စားနပ်ရိက္ခာ ခက်ခဲနေ
DVB
·
April 13, 2024
vit 1342024

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကနေ တိမ်းရှောင်နေတဲ့ စစ်ရှောင်တချို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေပါတယ်။   

ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ထိုင်တဲ့စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ (KPDF) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဒေသခံရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ ကျနော်တို့က ဘကြီးကွင်းဘက် ရှောင်ကြတာ။ သယ်လာတာတွေ စားသောက်နေကြတာ။ တချို့က လက်လုပ်လက်စားတွေပါတော့ သူတို့ကျ အခက်အခဲ ဖြစ်ကုန်တာပေါ့။ ကျနော်တို့လည်း ဝေစားမျှစားပေါ့။ ရက်ရှည်ဆက်ဖြစ်မယ်ဆိုရင်တော့ အကုန်လုံး စားနပ်ရိက္ခာ ပြတ်သွားနိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိတောတောင်တွေထဲမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် ၃၀၀ ထက်မနည်း ရှိနေပြီ‌ေ အစားသောက်အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်တာကြောင့် ဆယ်ဇင်းကျေးရွာထဲက ပြည်သူတချို့ကတော့ ဧပြီ ၉ ရက်နေ့ကတည်းက စတင်တိမ်းရှောင်နေကြတာလို့ သိရပါတယ်။

KIA၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့စစ်တပ်ကုန်းကို ဧပြီ ၉ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကတော့ စတိုက်တဲ့နေ့မှာပဲ လက်နက်ချ အညံ့ခံသွားကာ စစ်တပ်စခန်းကုန်း ရရှိရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်နေဆဲ ဖြစ်တယ်လို့ KPDF တပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဩဂုတ်လဆန်းပိုင်းက ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KIA, KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ SNA တပ်တွေက ဒေသခံတွေရဲ့ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

အဲဒီအချိက တိုက်ပွဲကြောင့် ဆယ်ဇင်းကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ တာမခန်၊ ဟောင်းပါး ကျေးရွာတွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ ထွက်ပြေးခိုလှုံခဲ့ရတာပါ။

တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပြီးနောက် ၂၀၂၃ခု နှစ်ဆန်းပိုင်းမှာ ရွာသားတချို့သာ နေရပ်ပြန်ခဲ့ကြပြီး ရွာပြန်လည်ထူထောင်ရေးအတွက် လက်ရှိအချိန်ထိတောင် မလုပ်ဆောင်နိုင်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဆယ်ဇင်းကျေးရွာဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိပြီး ဥရုချောင်းအနီးမှာ ရွှေကျင်တဲ့ ရွှေလုပ်ကွက်လုပ်ကိုင်ကြကာ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂,၀၀၀ ကျော် နေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013