Home
မြန်မာသတင်း
မန္တလေးတွင် ချည်မျှင်စက်ရုံ မီးလောင်
DVB
·
April 12, 2024
MandalayFire_12042024

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈x၆၂ လမ်းထောင့်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ မင်္ဂလာကန်လမ်းက စိန်ကမ္ဘာချည်မျှင်စက်ရုံမှာ ဧပြီ ၁၂ ရက် မနက်အစောပိုင်း ၁၂ နာရီ ၁၇ မိနစ်လောက်က Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မီးလောင်မှုကြောင့် စက်ရုံအဆောက်တခုလုံး ပျက်စီးသွားတဲ့အပြင် ကုန်ကြမ်းပစ္စည်းတွေနဲ့ ချည်မျှင်ရက် စက်တွေပါ မီးလောင်သွားခဲ့ပါတယ်။

မီးလောင်မှုနေရာကို မန္တလေးတိုင်းမီးသတ်၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲ့ မီးငြှိမ်းသတ်ယာဥ်တွေနဲ့ အရပ်ဘက်ရေသယ်ယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “သတင်းဝင်ကတည်းက Level 2 လွှတ်တာပါ။ စက်တွေကနေတဆင့် လောင်တယ်လို့ ကနဦး သိထားရပါတယ်။ အသေးစိတ်က စစ်ဆေးနေပါတယ်။ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုတော့ မရှိပါဘူး။ လောင်တာက စက်ရုံအဆောက်အဦတခုပါပဲ” လို့ ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၂ နာရီ ၅၂ မိနစ်လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာပဲ ဧပြီ ၁ ရက်က ဈ ရပ်ကွက်၊ ၆၅ လမ်းနဲ့ ၁၃၉ လမ်းမှာ စာရေးကိရိယာ ရောင်းဝယ်ရေးဆိုင်ခန်းတွေ မီးလောင်မှု၊ ‌ဧပြီ ၇ ရက်က ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈ လမ်း၊ ၁၂၅ လမ်း × ၁၂၆ လမ်းကြားရှိ စက္ကူစက်ရုံ အဆောက်အဦ ၂ ခုတို့မှာ မီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်ထားပါတယ်။

ဧပြီ ၈ ရက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနဲ့ ၆၈ လမ်းက လူနေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဓာတ်ပုံ- မြို့နယ်မီးသတ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013