Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင်  သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ 
DVB
·
April 12, 2024
thai 1 1242024

ထိုင်းသင်္ကြန် ‘ဆုန်ကရန်း’ ပွဲတော်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် အသိအမှတ်ပြုခံရပြီးတဲ့နောက် ဂုဏ်ယူဝမ်းမြောက်ခြင်းအထိမ်းအမှတ်အနေနဲ့ ဒီ ၂၀၂၄ ခုနှစ်ရဲ့  သင်္ကြန်ပွဲတော်ကို တနိုင်ငံလုံးမှာ စည်ကားသိုက်မြှိုက်စွာကျင်းပနေပါတယ်။

ပုံမှန်အားဖြင့် ပွဲတော်ရက်ဟာ မြန်မာနိုင်ငံနည်းတူ သင်္ကြန်အကြိုနေ့ ၊ အကျနေ့၊ အကြတ်နေ့ ၊ အတက်နေ့ ၊ နှစ်ဆန်း ၁ ရက် စုစုပေါင်း ၅ ရက် ( ဧပြီ ၁၃ မှ ၁၇ ) ထိ ကျင်းပပေမဲ့ ဒီနှစ်ထဲမှာတော့ ဧပြီ ၈ ရက်ကနေ ၂၁ ရက်ထိ ကျင်းပသွားမယ်လို့ ထိုင်းနိုင်ငံ ယဉ်ကျေးမှု အနုပညာဝန်ကြီးဌာန၊  အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့က ကြေညာထားပါတယ်။

အဆိုပါရက်တွေအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ တောင်ပိုင်း၊  အလယ်ပိုင်း၊ အနောက်ပိုင်းစတဲ့ အရပ်ဒေသက အထင်ကရ  ဘုရားစေတီ ပုထိုး တွေမှာ ဒေသတခုနဲ့တခု မတူခြားနားတဲ့ ယဉ်ကျေးမှုအနုပညာ၊ ထုံးတမ်းစဉ်လာ၊ မုံ့ပဲသရေစာ စတာတွေကို အဓိကဖော်ညွှန်းပြီး ကာရံညီညီပွဲတော်အမည်တွေနဲ့ တလှည့်စီကျင်းပ သွားမှာဖြစ်ပါတယ်။ 

ဒေသအလိုက်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲကျင်းပသလို တေးဂီတဖျော်ဖြေပွဲ၊ သင်္ကြန် မောင်/မယ် ပြိုင်ပွဲ၊ သင်္ကြန်ဖက်ရှင်ပွဲ၊ သင်္ကြန်အလှပြယာဉ်ပြိုင်ပွဲ၊ လမ်းလျှောက် စင်္ကြန်သင်္ကြန်ပွဲ စတာတွေကိုလည်း ခေတ်မီ ရေပန်းဖွားတွေ၊ ရေပန်းဥမင်တွေ၊ မီးရောင်စုံအလှတွေနဲ့ နေ့ရောညပါ ကျင်းပကြပါတယ်။ 

ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားဖွယ် ပွဲတော်အချို့မှာ နိုင်ငံတကာမှ အထငေကရ အနုပညာရှင်ပေါင်း ၁၀၀ လာရောက်ဖျော်ဖြေတဲ့ ဘန်ကောက် ဆယမ်ပါရာဂွန် ကုန်တိုက်ကြီးက Siam Paragon Ultrasonic Water Festival 2024 တေးဂီတဖျော်‌ဖြေပွဲ၊ ဘန်ကောက် မြဘုရားရှေ့ ပြည်သူ့ရင်ပြင် ( ဆနမ်လုံ ) မှ Maha Songkran World Water Festival 2024 သင်္ကြန်အလှပြကားပြိုင်ပွဲ၊ ဘန်ကောက် RCA Central Park မှာကျင်းပတဲ့ SIAM Songkran Music Festival ဂီတပွဲတော်၊ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်စင်ထရယ်ရှေ့က HATYAI Songkran Festival 2024၊ ထိုင်းတောင်ပိုင်း ဖူးကက် အန္တာမန်ရေတံခွန်နားက Andamanda Phuket Songkran Festival ရေသဘင်ပွဲ၊ ထိုင်းမြောက်ပိုင်း ချင်းမိုင် Airport Plaza စင်ထရယ်ရှေ့က Water War Chiang Mai ရေပက်ပွဲ၊ ဘန်ကောက် ရာမ ၉ လမ်းမှ . S2O Songkran Music Festival 2024 ဂီတပွဲတော်၊ ဘန်းကောက်ရန်းဆစ်နယ်မြေမှ  Chang Songkran presents၊  ပတ္တယားကမ်းခြေမှ   FLOW DAY WATER FESTIVAL 2024 ရေသဘင်ပွဲ၊ ဘန်ကောက် ပထုမ် ဝမ်းနယ်မြေ မယ်နန်ချောင်ဖရာမြစ်ကမ်းနံဘေး Riverdale Marina   အပမ်းဖြေစခန်းမှ Hola Shaka Festival 2024 ရေသဘင်ပွဲစတာတွေပဲ ဖြစ်ပါတယ်။

ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့ ပရဒူချိုင်းရပ်ကွက်မှာတော့ ဆင်လိမ္မာ ၁၀ ကောင်က ရေပန်းတွေမှုတ်ထုတ်ပြီး တိရစ္ဆာန်ချစ်သူတွေနဲ့အတူ ရေကစားတဲ့ပွဲတော်လည်းရှိပါတယ်။ 

ပွဲကျင်းပမယ့် နေ့ရက်နဲ့ အချိန်တွေက တနေရာနဲ့တနေရာမတူညီတာကြောင့် မိမိစိတ်ဝင်စားတဲ့ ပွဲတော်ခေါင်းစဉ်အောက်မှာ အချက်အလက်တွေ ထပ်မံရှာဖွေကြည့်ရှုနိုင်ပါတယ်။ 

နှစ်စဉ် ဧပြီလထဲမှာ ကျင်းပလေ့ရှိတဲ့ ‘ဆုန်ကရန်း’  ထိုင်းရိုးရာသင်္ကြန်ကို  ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တခုအဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့  ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) က ၂၀၂၃ ဒီဇင်ဘာ ၆ ရက်က အသိအမှတ်ပြု ထုတ်ပြန် ကြေညာခဲ့တာပါ။

ကိုးကား - thansettakij.com

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013