Home
မြန်မာသတင်း
မိုးညှင်းတွင် ခရစ်ယာန်ဘုန်းတော်ကြီး ၁ ပါး ပစ်ခတ်ခံရ
DVB
·
April 12, 2024
moe 1242024

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေ ၂ ရပ်ကွက်က ကက်သလစ်ဘုရားကျောင်းမှာ မနက်ပိုင်း မစ္ဆားတရား ဝတ်ပြုကိုးကွယ်နေချိန်မှာ ဘုရားကျောင်းထဲကို အမည်မသိ လူ ၂ ဦး ဝင်ရောက်လာပြီး ဝတ်ပြုဦးဆောင်နေတဲ့ ဘုန်းတော်ကြီးတပါးကို သေနတ်နဲ့ ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၁၂ ရက် မနက် ၇ နာရီဝန်းကျင်လောက်က စိန့်ပက်ထရစ် ဘုရားကျောင်းမှာ ဘာသာဝင်တွေနဲ့အတူ ဝတ်ပြုနေတဲ့အချိန် ဆိုင်ကယ်နဲ့ တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားတဲ့ လူ ၂ ဦး ဝင်ရောက်လာပြီး သေနတ်နဲ့ ၅ ချက် ပစ်ခတ်သွားတာဖြစ်တယ်လို့ ဖာသာတဦးက DVB ကို ပြောပါတယ်။

“ဒီနေ့က အရင်နေ့တွေလောက် မစ္ဆားက လူသိပ်မများဘူး။ ဖာသာက မစ္ဆားဝတ်ပြု ဦးဆောင်နေတာ။ အဲ့အချိန်မှာ တကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် ဝင်လာပြီး သေနတ်နဲ့ ၅ ချက်ပစ်သွားတယ်။ ၃ ချက်တော့ ထိသွားတယ်။ ညာဘက်လက်မောင်းမှာ တချက်၊ ညာဘက်ပေါင်ရင်းမှာ တချက်၊ အထက်နှုတ်ခမ်းနဲ့ အောက်မေးစေ့နားမှာ တချက်ထိထားတယ်။ အခုတော့ မြစ်ကြီးနားဆေးရုံကို ခေါ်ဆောင်သွားနေတဲ့ လမ်းမှာပါ။ ကျန်တဲ့ မစ္ဆားဝတ်ပြုလာတဲ့သူတွေကိုတော့ ဘာမှ မလုပ်သွားဘူး။ ဖာသာကိုပစ်ပြီး သူတို့ပြန်သွားတာ။”

ဘုရားကျောင်းထဲကို ဝင်ရောက်လာချိန်က ဖာသာတဦးတည်းကိုပဲ ဦးတည်ပစ်ခတ်ခဲ့ပြီး ဝတ်ပြုနေတဲ့သူတွေကတော့ ဘာမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အသက် ၄၀ ကျော်အရွယ် ချင်းလူမျိုး ဖာသာ ပေါလ်ခွေရှင်းအောင်ဟာ မိုးညှင်းမြို့အတွင်း သာသနာပြုတာ ၄ နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့ အသင်းသားတွေက ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ပေါလ်ခွေရှင်းအောင်ကို မိုးညှင်းပြည်သူ့ဆေးရုံမှာ ကုသပေးခဲ့ပြီး အဲဒီကတဆင့် မြစ်ကြီးနားဆေးရုံမှာ ကုသနိုင်ဖို့အတွက် ခေါ်ဆောင်သွားတဲ့ လမ်းပေါ်မှာသာ ရှိနေသေးတယ်လို့ သိရပါတယ်။

ဖာသာ ပေါလ်ခွေရှင်းအောင်ကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ် ဆိုတာကိုတော့ မသိရပေမဲ့ ရှမ်းနီ SNA တပ်တွေက မိုးညှင်းမြို့နယ်အတွင်း ကချင်ဝတ်စုံဝတ်ဆင်တဲ့ သူတွေကို စစ်ဆေးတာတွေ လုပ်နေတာကြောင့် လူမျိုးရေးပြဿနာဖြစ်အောင် လုပ်နေတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

မိုးညှင်းမြို့နယ်အတွင်းရှိ သျှမ်းနီဒေသတရားစီရင်ရေးအဖွဲ့ (SNAJ) အဖွဲ့ကလည်း “ကချင်အဝတ်အထည်များ ဝတ်ဆင်၍ နေထိုင်သွားလာခြင်း၊ ရောင်းချခြင်းများ အပါအဝင် ကချင်ဆိုင်များတွင် ဈေးဝယ်ခြင်း မပြုကြရန်” သတိပေးတားမြစ်ချက်လို့ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၉ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ ယဉ်ကျေးမှုတော်လှန်ရေး စတင်လိုက်ပြီလို့လည်း ထည့်သွင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မှာ နေထိုင်တဲ့ ဘာသာရေးဆရာ ဦးနမ်မြဲခွန်ဂျော်လီကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက သေနတ်နဲ့ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။

ပုံ-မိုးညှင်း ကက်သလစ်ဘုရားကျောင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013