ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက ရွာသားတဦးကို ဧပြီ ၁၀ ရက် ညနေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဖြူကန်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ကိုဇော်ဝင်းမြင့်ဟာ ညောင်လေးပင် ကောက်ကွေ့ပေါက်တော ရထားလမ်းဂိတ်မှာ သေနတ်နဲ့ နှစ်ချက်ပစ်ခံထားတဲ့အပြင် ရင်ဘတ်ကိုမီးရှို့ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက သူ့အမျိုးအသုဘကနေ ပြန်လာတာ။ အဲ့ဒါရွာအနောက်ဘက် ကောက်ကွေ့ရွာက ပျူစောထီးဂိတ်မှာ သူ့ကို PDF က ရွာထဲကို ဓားပြတိုက်ဖို့ လာတယ်ဆိုပြီး သတ်လိုက်တာ။”
ကောက်ကွေ့ပေါက်တော ရထားလမ်းဂိတ်က ပျူစောထီးအဖွဲ့ဟာ ရေဖြူကန်ကျေးရွာကသူတွေ ကောက်ကွေ့ရွာဘက် ရောက်ရှိလာပါက အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်တာ၊ နေပူလှန်းတာတွေ ပြုလုပ်တာကြောင့် အဲဒီဂိတ်ကနေ သွားလာသူလည်း သိပ်မရှိဘူးလို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
“အဲ့ဒီဂိတ်က ဘယ်သူမှမသွားရဲဘူး၊ အရမ်းဆိုးတယ်။ ပြည်သူဖြတ်သွားတာနဲ့ ရိုက်နှက်ပုတ်ခတ်၊ ရိုက်နှက်လို့ လက်လွန်ရင် ပစ်သတ်လိုက်တယ်။ အခု သူ့အလောင်းကိုလည်း သူ့မိသားစုသွားယူတော့ မရတေ့ာဘူးလို့ ပြာလိုက်တယ်။”
ကိုဇော်ဝင်းမြင့်ဆီကနေ ပြောက်ကျားဘောင်းဘီတထည်၊ နင်းမိုင်းနဲ့ ကျည်ဆန်တွေ ရရှိတယ်လို့ ပျူစောထီးတွေက သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း ညောင်လေးပင်မြို့နယ် ကွင်းဒလလေး ကျေးရွာမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။