အမေရိကန်ပြည်ထောင်စု၊ ပင်န်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ဧပြီ ၁၀ ရက်က ရာမာဒန်ဥပုသ်လရဲ့ အဆုံးသတ်ကို ကျင်းပဖို့ လူပေါင်း ၁,၀၀၀ လောက် စုဝေးနေတဲ့ ကလာရာ မူဟမ်မဒ် ရင်ပြင်အနီးမှာ ပြိုင်ဘက် ၂ ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့က လူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲကော်မရှင်နာမင်းကြီး ကက်ဗင် ဂျေ ဘက်သဲလ်က ပြောပါတယ်။
ပန်းခြံထဲမှာ အပြန်အလှန် သေနတ်ပစ်ခတ်နေကြချိန်မှာ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး တုံ့ပြန်ပစ်ခတ်ချိန်မှာ သေနတ်သမားတွေ ထွက်ပြေးခဲ့ကြကြောင်းနဲ့ သူတို့တွေကို နယ်မြေရှင်းလင်းရေး တာဝန်ကျအရာရှိတွေက တားဆီး ရပ်တန့်စေခဲ့ပြီး ဖမ်းဆီးခဲ့ကြောင်း ရဲကော်မရှင်နာ ဘက်သဲလ်က ပြောပါတယ်။
ဖမ်းဆီးခံရသူ ၄ ဦးဟာ လက်နက်တွေကို ကိုင်ဆောင်ထားပြီး တဦးကတော့ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်လို့ ပခုံးနဲ့ ခြေထောက်တို့ကို ထိမှန်ခဲ့ကြောင်းလည်း ဆိုပါတယ်။
သေနတ်အချက်ပေါင်း ၃၀ လောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲတွေပစ်ခတ်မှုကြောင့် ထိမှန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ်တို့ရဲ့ အခြေအနေကလည်း တည်ငြိမ်နေပြီလို့ ဘက်သဲလ်က ပြောပါတယ်။
လုပ်ဆောင်တော့မယ့် စုံစမ်းစစ်ဆေးရေးမှာတော့ အိဒ်-အယ်လ်ဖာတာပွဲတော် လူစုဝေးမှုအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းကို စစ်ဆေးမှာဖြစ်ကြောင်းလည်း ကော်မရှင်နာက ပြောကြားခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ တိုက်ခိုက်မှုအတွင်း ကင်းလှည့်ကားတစီးက ကလေးတဦးကို ဝင်တိုက်မိလို့ ကလေး ခြေထောက်ကျိုးသွားခဲ့ရကြောင်းလည်း ဆိုပါတယ်။
မြို့တော်ဝန် ချရွဲလ် ပါကာဟာ ဒီအဖြစ်အပျက်ကို ဆွေးနွေးဖို့နဲ့ မွတ်စလင်အသိုက်အဝန်း ဘယ်လိုရှေ့ဆက်ရမယ် ဆိုတာကို ဖြေရှင်းဖို့ မွတ်စလင်အဖွဲ့ ခေါင်းဆောင်တွေဆီ ဆက်သွယ်ခဲ့ကြောင်း ဒေသခံ မွတ်စလင် အဖွဲ့ခေါင်းဆောင် ကွေဆာ အဗ္ဗဒူလာက ပြောပါတယ်။
Source/Photo-Reuters