Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် ကုန်စျေးနှုန်းမြင့်တက်ပြီး ဒေသခံများ အခက်တွေ့
DVB
·
April 11, 2024
De 1142024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ကုန်ပစ္စည်း သယ်ယူရောင်းချတာတွေဟာ အဆင့်ဆင့်သယ်ယူရတဲ့ လမ်းခရီး အခြေအနေတွေကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေပါတယ်။

ဓာတ်ဆီတလီတာကို ၄,၀၀၀ ကျပ်ကနေ ၅,၀၀၀ အထိ ပေးဝယ်နေရပြီး ဆန်နဲ့ လူသုံးကုန်မာပစ္စည်းတွေလည်း စျေးနှုန်းမြင့်တက်လာနေတာပါ။

ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတဦးက “တောင်ကြီးဘက်ကနေ သယ်ယူရတဲ့ စရိတ်စကတွေက မနည်းဘူး။ ကားဆီစျေးတွေကလည်း တက်နေတော့ လူကြုံဝယ်ခိုင်းရင် နည်းနည်းပိုများတယ်။ ကိုယ်တိုင်သွားဝယ်ဖို့လည်း ကားမှမရှိတာပေါ့။ အခုက လမ်းကလည်း အစစ်အဆေးတွေနဲ့ တော်တော်ကျပ်တယ်။ ကုန်ပစ္စည်းတွေ ၁၀၀၊ ၂၀၀ ကနေ တချို့ ၁,၀၀၀ လောက်အထိ တက်တယ်” လို့ DVB ကို ပြောပါတယ်။

ဆန်တအိတ် ၈၅,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ်၊ ဝက်သား တပိဿာ ၁၈,၀၀၀ ကျပ်၊ ရေ ၂၀ လီတာဘူးကြီး ၁,၈၀၀ ကျပ်၊ ရေဂါလံ ၁,၂၀၀ ကားတစင်း ၅၀,၀၀၀-၈၅,၀၀၀ကျပ်၊ ကြက်သွန်နီ တပိဿာ ၃,၅၀၀ ကျပ်အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက “ကုန်စျေးနှုန်းက သကြင်္န်နားနီးလို့လား ဘာလားတော့မသိဘူး၊ စျေးက တက်တက်သွားတယ်။ အရင်ကဆို ဓာတ်ဆီတလီတာ ၈,၅၀၀ အထိ ဖြစ်သွားသေးတယ်။ အခုက ပြန်ကျသွားတယ် ပြောရမယ်။ ခက်ခဲတာပေါ့ ဒီမှာက စစ်ဖြစ်နေတာဆိုတော့။ ပုံသေအလုပ်အကိုင်ကလည်း မရှိကြတော့ နောက်ပိုင်း ပိုခက်ခဲလာမယ်ထင်တယ်။ IEC ကလည်း စျေးနှုန်းထိန်းချုပ်တဲ့အသံ မကြားမိသေးဘူး” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၈၀ ရာခိုင်နှုန်းခန့် နေထိုင်ကြပြီး ၁၁၁၁ စစ်ဆင်ရေး နောက်ပိုင်းမှာ လွိုင်ကော်မြို့က ဒေသခံတွေပါ စစ်လာရှောင်ကြတာဖြစ်တဲ့အတွက် ကုန်စျေးနှုန်း မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဒေသတွင်း စစ်ရှောင်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ကုန်စျေးနှုန်း မြင့်တက်လာတာနဲ့ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013