ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအကြား မိသားစု ပြန်လည်ပေါင်းစည်းရေးကို ပြင်ပစွက်ဖက်မှုတွေက မဟန့်တားနိုင်ကြောင်းနဲ့ နှစ်ဖက် မဆွေးနွေးနိုင်တဲ့ကိစ္စ မရှိဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်သမ္မတဟောင်း မာရင်ကျိုကို ဧပြီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်ထိပ်တန်းအရာရှိတွေက နိုင်ငံခြားခေါင်းဆောင်တွေကို တရားဝင် တွေ့ဆုံရာနေရာ ဖြစ်တဲ့ တရုတ်မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမမှာ မာရင်ကျိုနဲ့ တွေ့ချိန်မှာ ရှီက ခုလို ပြောလိုက်တာပါ။
“ရေလက်ကြားနှစ်ဖက်စလုံးက လူတွေက တရုတ်လူမျိုးတွေဖြစ်ပြီး မဖြေရှင်းနိုင်စရာ အမုန်းတရားတွေ မရှိဘဲ ကျနော်တို့ကို ဘယ်အင်အားကမှ မခွဲနိုင်ပါဘူး” လို့ ရှီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရှီက အသေးစိတ်မဖော်ပြပေမဲ့ ထိုင်ဝမ်အပေါ် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ရည်ညွှန်းတဲ့ တရုတ်ဝေါဟာရဟာ အမေရိကန်လို အနောက်နိုင်ငံတွေဆီကရတဲ့ အထောက်အပံ့ကို ရည်ရွယ်ပြီး အထူးသဖြင့် တရုတ်ပြည်မကြီးအစိုးရကို ဒေါသထွက်စေတဲ့ လက်နက်ရောင်းချမှုတွေကို ရည်ရွယ်လေ့ရှိပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ပြီး တောင်းဆိုချက်တွေကို ခိုင်မာစေဖို့ စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ တိုးမြှင့်ခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်အောင်လုပ်ဖို့ တရုတ်က အင်အားသုံးမှုကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
Source/Photo-Reuters