Home
မြန်မာသတင်း
စစ်တပ်က မော်လမြိုင်ကျွန်းဒေသခံများကို အကြောင်းအမျိုးမျိုးပြဖမ်းဆီး၊ အမှုဖွင့်မခံရရန် ၁၅ သိန်းအထိ ပေးနေရ
DVB
·
April 10, 2024
maw 1042024

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီး နေပြီး ကြီးလေးတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်မခံရဖို့၊ ထောင်ချမခံရဖို့အတွက် လူတယောက်ကို ငွေကျပ် ၁၅ သိန်းထက်မနည်း ခြိမ်းခြောက် တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

''Facebook လူမှုကွန်ရက်ပေါ်မှာ MUG ကို ထောက်ခံတယ်ဆိုပြီး စွပ်စွဲဖမ်းတယ်။ ညဘက် အပြင်ထွက်လို့ မသင်္ကာလို့ဆိုပြီး ဖမ်းတာလည်းရှိတယ်။ စစ်ကောင်စီခန့် အုပ်ကြီးတွေက သတင်းအမှားပေးလို့ ဖမ်းတာလည်းရှိတယ်။ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်းခံရတာလည်း ရှိတယ်။ ဘယ်လို စွပ်စွဲပြီး ဖမ်းဖမ်း၊ ဖမ်းပြီးရင် ပြန်လွတ်ချင်ရင် ထောင်ချမခံနိုင်ရင် ကြေးကြီးတယ်လို့ ပြောတောင်းတာ။ အမှုအဖွင့်မခံချင်ရင်တော့ ပေးလို့ပြောတာ။ ကျမမောင်လေး အတွက် ၁၅ သိန်း ပေးခဲ့ရတယ်။ သူတို့ကအပြင်မှာ ပြန်ပြောရင် မင်းကိုထပ်ဖမ်းမယ်လို့ တခါတည်းပြောလိုက်တာ” လို့ မော်လမြိုင်ကျွန်း ဒေသခံ တယောက်က ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ အဲလိုပုံစံနဲ့ ဖမ်းဆီးငွေညစ်ခံရသူ အနည်းဆုံး ၁၉ ယောက်အထိ ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အရပ်သားတွေကို ဖမ်းဆီးရာမှာလည်း  ရိုက်နှက်စစ်ဆေးတာတွေပါလုပ်ပြီး PDF တွေကို အဆက်အသွယ် လုပ်တဲ့သူမှန်သမျှ သတ်ပစ်လို့ ရတယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုတာလို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံရတဲ့ ဒေသခံ နောက်တယောက်က ''စကစ အကောင်တွေက အခုရက်ထဲ ဘာပြန်ဖြစ်လာတာလည်း မသိဘူး၊ ဆက်တိုက်ဆိုသလို အဖမ်းကြမ်းနေတာ။ ညဘက်ဆိုလည်း ကောင်းကောင်းကို မနေရဘူး။ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ကိုရောက်လာတာ။ ယောကျ်ား လေးတွေ့ရင် ဖမ်းတာ၊ ဖမ်းပြီးတော့ ငွေညှစ်တော့တာပဲ။ ရပ်ကွက်ထဲက အစ်မသူငယ်ချင်း မောင်လေး ဖမ်းဆီးခံခဲ့ရတာ ငွေပေးလို့ ပြန်လွှတ်ပေးခဲ့တာ။ ပိုက်ဆံက စစ်ကောင်စီတပ်ကို ပေးရတာ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးငွေညှစ်တဲ့ဒဏ်ကို ကျေးလက်နေ ပြည်သူတွေ အဓိက ခံစားနေရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး ငွေပေးလို့ ပြန်လွတ်လာသူတွေထဲက တချို့ဒေသခံတွေဟာ နောက်တကြိမ် စစ်ကောင်စီတပ်နဲ့ ရဲတွေက လာဖမ်းဆီးမှာကိုစိုးရိမ်ပြီး တခြားဒေသကို ပြောင်း ရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024