တောင်သူတွေကို ထမင်းတနပ်လျှော့စားခိုင်းပြီး စိုက်ပျိုးရေးချေးငွေ ပြန်ဆပ်ခိုင်းတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်ကို စစ်ကောင်စီက ဧပြီ ၁၀ ရက် ဒီနေ့ ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “ကျားဖြန့်ကိစ္စလို့ပဲ ကြားတယ်။ အိမ်ကို ချိပ်ပိတ်လိုက်တယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သူ ဦးမြင့်လှိုင်ကို ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ စစ်ကောင်စီတပ်က အဆင့်မြင့်အရာရှိကြီး တွေနဲ့ အရာရှိဟောင်းတွေကို ဖမ်းဆီးအရေးယူပေးဖို့ တရုတ်ဘက်က တောင်းဆိုထားတယ်လို့ သတင်းတွေထွက်နေပမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
ဦးမြင့်လှိုင်ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ကြံ့ခိုင်ရေးပါတီဝင်တွေအတွက် လက်နက်ပေးဖို့ စစ်ကောင်စီထံ တောင်းတာမှာ ထုတ်မပေးတဲ့အတွက် ရွဲ့ကာ လက်နက်တပ်ဆင်ပေးအပ်ပွဲ ဆိုပြီး ဝါးချွန်နဲ့ ဝါးရင်းတုတ်တွေ ပေးခဲ့တာကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဦးမြင့်လှိုင်အနေနဲ့ ဗဟိုအလုပ်အမှုဆောင်ရာထူးကနေ ထုတ်ပယ်မခံရခင် ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ တာဝန်ကိုလည်း ယူခဲ့ဖူးပြီး လက်ရှိမှာ အဲဒီရာထူးနေရာကို ဘူးလက်လှဆွေက တာဝန်ယူနေတာ ဖြစ်ပါတယ်။